မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁

စစ်တပ်ရဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှု သုံးနှစ်တာအတွင်း မွန်ပြည်နယ်မှာ အရပ်သားပြည်သူ ၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ၉၀၀ ကျော် မတရားဖမ်းဆီးခံခဲ့ရတယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေး သုံးနှစ်ပြည့် ဇန်နဝါရီ ၃၁ ရက်နေ့ ညပိုင်းမှာ မွန်ပြည်သူတွေကိုပေးပို့တဲ့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ တိုက်တွန်းနှိုးဆော်စာမှာ ဖော်ပြထားတာပါ။

အာဏာသိမ်းမှုအတွင်း စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေပြီး စစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် မွန်ပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၇၂,၄၀၀ ကျော် ရှိခဲ့တယ်လို့ NRFF က စာရင်းကောက်ယူထားပါတယ်။

အဲဒီနှိုးဆော်စာမှာ ပြည်သူလူထုရဲ့ စုပေါင်းအင်အားနဲ့စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ ပြည်သူလူ ထုရဲ့ ကြံ့ကြံ့ခံတော်လှန်မှုတွေနဲ့ပန်းတိုင်ရောက်အောင် အားကောင်းမောင်းသန် ဆက်လက်ချီတက် နေပြီး အခုအခါ တော်လှန်ရေးရောင်နီကို မြင်တွေ့နေရပြီလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အဖက်ဖက်မှာပြိုလဲပျက်စီးနေပြီး တော်လှန်ရေးအင်အားစုတွေအား လုံး စုပေါင်းအားနဲ့ဆက်လက်တော်လှန်ရင် မကြာမီအချိန်ကာလအတွင်း မလွဲမသွေ အရေးနိမ့်ရတော့မှာဖြစ်တယ်လို့ NRFF ရဲ့ နှိုးဆော်စာမှာ ဖော်ပြပါတယ်။

ဒါကြောင့် စစ်အာဏာရှင်စနစ်မပျက်သုဉ်းသရွေ့ မွန်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိနိုင်မှာမဟုတ်တာကြောင့် စစ်အာဏာရှင်ပြုတ်ကျရေး မွန်လူထုတစ်ရပ်လုံး အခြားဘဝတူတိုင်းရင်းသားတွေနည်းတူ တော်လှန်ရေးကို အရှိန်မြှင့်လုပ်ဆောင်သွားကြရမယ်လို့ NRFF က တိုက်တွန်းတာပါ။

အခုအချိန်အခါမှာ စစ်ရေး နိုင်ငံရေးအရှိန်မြင့်တက်နေချိန်ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ပွဲ လမ်းသဘင် ကျင်းပတာတွေ ရှောင်ရှားပြီး စစ်ရေးနိုင်ငံရေးအသိနဲ့ သတိရှိကြဖို့၊ အာဏာရှင်ကျဆုံးရေးအတွက် တတ်နိုင်တဲ့ဘက်က ပါဝင်သွားကြဖို့ကိုလည်း တိုက်တွန်းချက်အနေနဲ့ နှိုးဆော်စာမှာ ဖော်ပြပါရှိပါတယ်။

တစ်ဖက်မှာစစ်အာဏာရှင်စနစ်ကို အထောက်အပံ့ဖြစ်စေတဲ့ စစ်တပ်ထုတ် ကုန်ပစ္စည်းတွေ၊ ဝန် ဆောင်မှုတွေကို သုံးစွဲခြင်းနဲ့ သူတို့နဲ့လက်တွဲပြီး ကိုယ်ကျိုးစီးပွားအတွက် ပူးပေါင်းလုပ်ဆောင်ခြင်းကနေ အထူးရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။

မိမိတို့ကိုယ်တိုင် ပါဝင်တော်လှန်ခြင်းကသာ မိမိတို့အမျိုးသားတရပ်လုံး လွတ်မြောက်နိုင်မှာဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေး အဆုံးသတ်တိုက်ပွဲကို မဟာဗျူဟာကျကျ အကောင် အထည်ဖော်သွားကြဖို့ မွန်ပြည်သူတစ်ရပ်လုံးကို NRFF က တိုက်တွန်းနှိုးဆော်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.