ဘီးလင်း၊ ဖေဖော်ဝါရီ ၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းတိုက်ပွဲအ တွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။
စစ်ကောင်စီရဲ့ ဝင်းတာပန်စခန်းကို မနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကနေ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့တာပါ။
မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ အချိန် ၁၀ နာရီကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ဝင်းတာပန်စခန်းအတွင်းထိ ဝင်ရောက်စီးနင်းနိုင်ခဲ့ပေမယ့် သထုံနဲ့ဘီးလင်းအခြေစိုက်တပ်ရင်းတွေရဲ့ လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးခဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။
စစ်ကောင်စီတပ်ရင်းတွေရဲ့ လက်နက်ကြီး ပစ်ကူပေးမှုကြောင့် KNDO တပ်ဖွဲ့ဝင်တစ်ဦးနဲ့ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၉ ဦး ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရှိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပေမယ့် အရေအတွက် အတိ အကျ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
တပ်အင်အား ၆၀ ကျော် တပ်စွဲနေထိုင်နေတဲ့ ဝင်းတာပန်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ကစလို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အချိန်တစ်လကျော်ကြာမြင့်ခဲ့တဲ့ ဝင်းတာပန်းစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေ ကြောင်းနဲ့ ၂ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့သလို လက်နက်ခဲယမ်းနဲ့စားနပ်ရိက္ခာတွေကိုလည်း စစ်ရဟတ်ယာဉ်နဲ့ လာရောက်ချပေးတာတွေ ရှိနေပါတယ်။
ဝင်းတာပန်းစခန်းတိုက်ပွဲကာလအတွင်း လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေ သခံ ၁၆၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU