ဘီးလင်း၊ ဖေဖော်ဝါရီ ၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူပိုင် နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၃၁၄) အမြောက်တပ်နဲ့ အမှတ်(၂၀၈) ခြေမြန်တပ်ရင်းတို့ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့က တစ်နေ့လုံးနီးပါး ဝင်းတာပန်ကျေးရွာထဲကို လက်နက်ကြီး ၂၄ လုံး ပစ်ခတ်ခဲ့ပါတယ်။

စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတွေဖြစ်တဲ့ ယားမတင်၊ တီးပါသာ၊ စောလိဘော၊ တီးကျောချစ်၊ တီးကာလု၊ ဖီးမမြိုင်၊ တီးခင်မောင်သန်း၊ ယားချယ်နဲ့ယားမော်ဦးတို့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့နဲ့ ၂၇ ရက်နေ့တို့မှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ဝင်းတာပန်နဲ့ကျောက် ဖျာကျေးရွာတို့က နေအိမ် ၂ လုံး ထိခိုက်ပျက်စီးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ် မဟာ(၁) သထုံခရိုင် ထိန်းချုပ်နယ်မြေထဲ မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ် ၃၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူပိုင် နေအိမ် ၈၆၀၀၀ ထက်မနည်း မီးလောင်ပျက်စီးထားတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.