လွိုင်ကော် – ဇန်နဝါရီ ၃၀ 

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့မှာ နှစ်ဘက်အပြန်အလှန်တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် ဒေသခံတွေ နေရပ်မပြန်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတိပေး လိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်ကစပြီး စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ လွိုင်ကော်မြို့တွင်းပြန်လည် စည်ကားနေပြီဖြစ်သလို နေရပ်ပြန်လာဖို့နဲ့ လွိုင်ကော်မြန်မာ့စီးပွားရေးဘဏ်မှာ ဒေသခံလို့ယူဆ လို့ရတဲ့ လူဆယ်ဂဏန်းလောက်ကို ဆန်၊ဆီနဲ့ ရိက္ခာတွေ ပေးဝေနေတဲ့ပုံတွေကို ဖော်ပြထားပါ တယ်။

ဇန်နဝါရီလ ဒုတိယအပတ်လောက်ကစပြီး လွိုင်ကော်မြို့ပေါ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ နည်းလာပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ မကြာခဏဆိုသလိုရှိနေတာပါ။

လွန်ခဲ့တဲ့ ၂ ရက်လောက်ကလည်း လွိုင်ကော်မြို့ပေါ်က ၂ ထပ်စျေးကို စစ်ကောင်စီတပ်က မီးလောင်ဗုံးကြဲချခဲ့တာကြောင့် စျေးအပါအဝင် ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ ဆိုင်ခန်းတွေ မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။ 

အဲဒီလိုလေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လွိုင်ကော်မှာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တဲ့အခြေအနေကြောင့် ပြည်သူတွေရဲ့လုံခြုံရေးအတွက် နေရပ်မပြန်ကြဖို့ ​KNDF က တိုက်တွန်းထားတာဖြစ်ပါတယ်။

“စစ်ကောင်စီက အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်တယ်ပေါ့နော် အဲဒါကြောင့် နေရပ်ပြန်လည်ပြီးတော့ နေထိုင်သင့်တဲ့နေရာမဟုတ်သေးဘူး။ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေကလည်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလာတာ အခက်အခဲ တွေစိန်ခေါ်မှုတွေအများကြီးရှိနေပါတယ်။ ပြည်သူတွေအနေနဲ့လည်း ထပ်မံပြီးတော့ သည်းခံ ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” လို့ KNDF ရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ 

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ ပေါ်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ပညာရေး၊ကျန်းမာရေးအပါအဝင် ဌာနဆိုင်ရာ ယန္တယားတွေ နဲ့ ဘဏ်လုပ်ငန်းတွေပါရပ်တန့်သွားခဲ့ပြီး ဒေသခံ ၄ သောင်းကျော်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ 

ကရင်နီသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရ စစ်ကောင်စီတပ်ဟာ Non CDM ဝန်ထမ်းတွေကို လွိုင်ကော်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ ကိုပြန်ခေါ်ပြီး စစ်အစိုးရရဲ့ ယန္တယားတွေပြန်လည် လည်ပတ်နိုင်ဖို့ စီစဉ်နေတယ်လို့သိရပြီး ဒီအခြေအနေနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိအချိန်မှာတော့ လွိုင်ကော်မြို့ရဲ့ အဝင်အထွက် စစ်ဆေးရေးဂိတ်၊ဌာဆိုင်ရာ စုပေါင်းရုံး၊ လွိုင်ကော် တက္ကသိုလ်နဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထား ပါတယ်။

ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကတော့ စစ်ရှောင်နေကြတဲ့ ဒေသခံတွေ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ဝင်ရောက်သယ်ယူဖို့ ကူညီပေးတာ၊ပစ္စည်းပိုင်ရှင်ရဲ့ ထောက်ခံစာနဲ့ ပစ္စည်းတွေ သယ်ထုတ်ပေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.