လောင်းလုံး၊ ဇန်နဝါရီ ၃၀

တနင်္သာရီတိုင်း၊ ထားဝယ်ဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒီနေ့ မနက် ၅ နာရီခွဲအချိန်ခန့်ကစပြီး လောင်းလုံးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ရဲစခန်း၊ စရဖရုံးနဲ့ ဂိတ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၈ နှစ်အရွယ် အ မျိုးသားတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပြီး နေအိမ်ထိမှန်ပျက်စီးမှုတွေ ရှိနေပါတယ်။

“ကကြီးရပ်ကွက်ထဲက အိမ်နောက်ဖေးထင်းကုန်းမှာ တံမျက်စည်းစည်းနေရင်းနဲ့ လက်နက်ကြီးကျပြီးတော့ လက်နက်ကြီးစမှန်သွားတာ တစ်ယောက်ရှိတယ်။ တခြားနေရာမှာလည်း ထိတယ်လို့တော့ ကြားတယ်” လို့ လောင်းလုံးမြို့ခံတစ်ဦးက ပြောပါတယ်။

လောင်းလုံးမြို့ပေါ်တိုက်ပွဲဟာ ဒီနေ့ မနက် ၅ နာရီခွဲ အချိန်ခန့်ကစပြီး နေ့လည်ပိုင်းအထိ ဖြစ်ပွားနေပြီး ညနေပိုင်းမှာတော့ အနည်းငယ် ငြိမ်သက်သွားပေမယ့် လက်နက်ကြီးသံ ကြားနေရသေးတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လူနေအိမ်တွေကိုပါမချန် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြည်သူ့တချို့ ထိခိုက်ဒဏ်ရာရတာတွေရှိနေပြီး အရေးပေါ်ဆေးကုသမှုခံယူဖို့ အခက်အခဲရှိနေတယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လောင်းလုံးမြို့ပေါ်နဲ့အနီးအနားကျေးရွာတွေကို လက်နက်ကြီးအချိန်မရွေး ကျရောက်လာနိုင်တာကြောင့် ခိုင်ခံ့တဲ့အဆောက်အအုံနဲ့ နံရံစတာတွေကို အကာအကွယ်ယူပြီး နေထိုင်ကြဖို့ အ ရေးပေါ်သတိ ပေးချက်ထုတ်ပြန်ထားပါတယ်။

လောင်းလုံးမြို့ပေါ်တိုက်ပွဲနဲ့အတူ ဒီနေ့မှာလည်း ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.