တိုင်းရင်းသားဒေသတွေက မြေပြန့်နဲ့တန်းတူ ပြန်အခွင့်အရေးရဖို့ ပြန်လုပ်ယူရမယ်။ ဒီဘက်က လူတွေက ဖြူစင်တယ်။ ရိုးသားတယ်။ ပြောရမယ်ဆိုရင်သူတို့လိုချင်တာ တပ်မက်တာ အားနည်းတယ်။ တန်းတူအခွင့် ရေးဆိုတာ တစ်ချို့ကသိပ်မသိဘူး။ တော်တော်ကြီး ပြန်ပြီးလုပ်ယူ ကြိုးစားပေးရမယ်”

Clean Yangon ဟာ နိုင်ငံတဝှမ်း သန့်ရှင်းသာယာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေ စု ပေါင်းပြီး ၂၀၁၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Clean Yangon ဟာ အာဏာသိမ်းပြီးနောက် တိုင်းရင်းသား သွေးချင်းတွေရဲ့ ဒေသတွေမှာ လူသားချင်းစာနာမှုဖြင့် လူမှုကူညီ ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ အဲဒီထဲမှာ စစ်ရှောင်ပြည်သူတွေကို အခမဲ့ကျန်းမာရေးစောင့် ရှောက်မှုပေးတာ၊ စားနပ်ရိက္ခာမျှဝေတာ၊ ပညာရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ပေးတာ၊ သင်တန်းတွေ ပြန်လည်ပို့ချပေးတာ၊ ကလေးငယ်တွေကို စိတ်ဓါတ်ခွန်အားတွေ မျှဝေတာနဲ့ အာဟာရဒါ နကျွေးမွေးတာတွေ ဆောင်ရွက်လျှက်ရှိပါတယ်။

တိုင်းရင်းသား သွေးချင်းတွေရဲ့ ဒေသတွေမှာ လက်ရှိလုပ်ဆောင်ပေးနေတဲ့ လုပ်ငန်းစဉ်တွေ၊ စစ်တပ်ရဲ့ လက် နက်ကြီးနဲ့ လေယာဉ်ကြောင်း တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေ၊ စစ်ရှောင်ကလေးတွေရဲ့ ပညာ သင်ယူခွင့်တွေနဲ့ ပတ်သက်ပြီး Clean Yangon မြေပြင်တာဝန်ခံ ဒေါ်သင်ဇာအေးနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် –  အရင်ဆုံး Clean Yangon အနေနဲ့ လက်ရှိမှာ ဘာတွေလုပ်ဆောင်ပေးနေလဲ။ ရှေ့ဆက်ပြီး တော့ရော ဘာတွေထပ်မံလုပ်ဆောင်သွားဖို့ စီစဉ်ထားပါသလဲ။

ဒေါ်သင်ဇာအေး – ကျွန်မတို့ Clean Yangon အနေနဲ့  ကရင်နီဒေသကို ခြောက်လပိုင်းမှာစပြီးတော့ ရောက်ပါ တယ်။ ဒီမတိုင်ခင်ကတော့ ၂၀၂၁ မေလမှာ ချင်းပြည်နယ်မှာ သွားပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ စပြီးလုပ်ပေးခဲ့တယ်။ ပထမဦးဆုံး စစ်ဘေးရှောင် သွေးချင်းတွေကို စတွေ့ရတယ်။ စတွေ့တဲ့အခါကျတော့ တစ်ဦးတစ်ယောက်အနေနဲ့ ကူဖို့ထက် အဖွဲ့အစည်းနဲ့ကူတာက ပိုပြီးထိရောက်တာကြောင့် clean Yangon ကစပြီးတော့ စစ်ရှောင်တွေကိုကူခဲ့ပါတယ်။ ၂၀၂၁ ခြောက်လပိုင်းကစပြီးတော့ ဒီနေ့ဒီအချိန်ထိ ကရင်နီဒေ သမှာ စစ်ဘေးရှောင် သွေးချင်းတွေအတွက် အခြေခံလိုအပ်ချက်တွေ၊ စားသောက်ကုန်တွေ၊ အာဟာရ ကျွေး တာတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေကိုဆက်ပြီး လုပ်ဆောင်ပေးနေပါတယ်။

ကျွန်မတို့ Clean Yangon အနေနဲ့ ၂၀၁၇ မေလမှာ ရန်ကုန်မှာရှိတဲ့ ပရဟိတအသင်းတွေ စုပြီးတော့ ရန်ကုန် မြို့တော်ကြီး သန့်ရှင်းကျန်းမာလှပဖို့အတွက် ကိုယ်နေတဲ့ မြို့ရွာမှာ အခြေခံလူနေမှုစရိုက်တွေ မြင့်တက်ဖို့ အတွက် လုပ်ဆောင်ခဲ့တယ်။ Clean Yangon ကနေ Clean Myanmar ဖြစ်ဖို့အတွက် တစ်လတစ်ကြိမ် အမှိုက်ကောက်တဲ့ ကန်ပိမ်းတွေစလုပ်ခဲ့တယ်။ စလုပ်ဆောင်ဖြစ်တာက ရန်ကုန်ဆိုတာ မြန်မာနိုင်ငံရဲ့ အထင်က ရ မြို့တော်လည်းဖြစ်တယ်။ ခရီးသွားဧည့်သည်တွေ တအားများတဲ့ နေရာလည်းဖြစ်တော့ လမ်းမှာအမှိုက်တွေ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားတာ၊ ကွမ်းတံထွေးတွေကလည်း  မြင်မကောင်းအောင် ညစ်ပတ်တယ်။ နိုင်ငံ အတွက် လည်း အရှက်ရစရာကောင်းတယ်။ လူငယ်တွေ စုပေါင်းတိုင်ပင်ပြီးတော့ တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်းက စလုပ်ဆောင်တာထက်ဆိုရင် ဒီမတိုင်ခင်ကလည်း ရန်ကုန်မှာကျွန်မတို့ မိခင်ပရဟိတအသင်းအဖွဲ့တွေ ဖွဲ့စည်း ထားတဲ့ ကွန်ရက်လေးရှိပါတယ်။

အဲဒီကွန်ရက်က မောင်နှစ်မတွေနဲ့တိုင်ပင်ပြီး တစ်ဖွဲ့ချင်းထက် စုပေါင်းပြီးတော့ ပြည်သူတွေကို အရွေ့လေး တစ်ခု ချပြချင်တယ်။ အဓိကကတော့ လူတွေရဲ့ အခြေခံလူနေမှုအကျင့်တွေ ဖြစ်စေချင်တဲ့အခါကျတာ့ အမှိုက် တွေကိုကောက်တာ ရှက်စရာမဟုတ်ဘူး။ စည်းကမ်းမဲ့ အမှိုက်ပစ်တာက ရှက်စရာဆိုတဲ့ စိတ်လေးဝင်သွားပြီး တော့ အမှိုက်မပစ်အောင်၊ ကွမ်းတံထွေးတွေ စည်းမဲ့ကမ်းမဲ့ မထွေးအောင် ဒါမျိူးလေးတွေကို လူထုအရွေ့ တွေ နဲ့ဖော်ဆောင်ခဲ့တယ်။ တစ်လတစ်ကြိမ် မြို့နယ်အလိုက် ကမ်ပိန်းတွေ လုပ်ဆောင်ခဲ့တယ်။ ပြည်သူလူထုက လည်း ပူးပေါင်းပါဝင်ကြတယ်။ လူထုရဲ့ပါဝင်မှု အားကောင်းလာတာမို့ စည်ပင်သာယာရေး ကော်မတီဘက်က လည်း ပံ့ပိုးကူညီမှုတွေရှိတယ်။ သူတို့ကူညီတာက ကားတွေ၊ ငွေတွေ၊ ဝန်ထမ်းတွေရယ်ကူပေးတယ်။ ဒါမျိုး လေးတွေရှိတယ် ။ ၂၀၁၇ မှာ မေလကနေ တောက်လျောက် တစ်လတစ်ကြိမ် မပျက်မကွက် ကမ်ပိန်းတွေ လုပ် ဆောင်ခဲ့တယ်။ ၂၀၁၈ မေလမှာကျတော့ နောက်ထပ် အရွေ့လေးတစ်ခုထပ်ပြီး မြင်ချင်တဲ့အတွက် ဘာလုပ်ကြ မလဲတိုင်ပင်ပြီး ကျောင်းနေအရွယ် ကလေးတွေအတွက် စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာပေးဆိုပြီးတော့ သင် ရိုးညွှန်းတမ်းလေးထုတ်တယ်။ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းတွေမှာ ဟောပြောပွဲလေးတွေ လိုက်လုပ်တယ်။ အသိပညာပေးတာတွေ လိုက်လုပ်တယ်။ အဲဒါကျတော့ အခြေခံပညာ ဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်တာပေါ့။

၂၀၁၉ မှာကျတော့ Clean Yangon က Clean Up Challenge ဆိုပြီးတော့ လုပ်ခဲ့တယ်။ အဲဒါက နောက်ဖေး လမ်းကြားတွေကို ရှင်းတာပေါ့။ ရန်ကုန်တစ်မြို့ထဲမဟုတ်ပဲ မြန်မာနိုင်ငံအနှံ့ပေါ့။ ကြိုက်တဲ့မြို့၊ ကြိုက်တဲ့ရွာ၊ ကြိုက်တဲ့ပြည်နယ်မှာ Before and After clear challenge တွေ လုပ်တယ်။ ဘယ်နေရာမှာ အမှိုက်ပုံရှိလဲ။ ငါတို့ရဲ့ စွန့်ပစ်ထားတဲ့ အမှိုက်ပုံမဟုတ်ပေမဲ့ တို့မြို့ရဲ့ သန့်ရှင်းဖို့အတွက် ဒီအမှိုက်ပုံကို ရှင်းမယ်။ Before and After ပုံလေး ရိုက်ပြီး challenge တွေ ဖော်ခိုင်းတယ်။ ပြီးတော့ ဒီ challenge ကို ပါဝင်ပေးတဲ့ ပြည်သူတွေကို လက်ဆောင်လေးတွေ ပြန်ပေးတာမျိူးရှိတယ်။ ဒါပြီးရင် ကျွန်မတို့က ဒီ Clean Yangon ရဲ့ အရွေ့ဆိုတာထက် ပြည်သူတွေရဲ့ အခြေခံ အကျင့်စရိုက်လေးတွေ ကောင်းမွန်တဲ့ဘက်ကို ပြောင်းလဲလာတာနဲ့အတူ အရွေ့လေး တွေက ကောင်းလာတယ်။ ပြည်သူတွေပိုပြီး အသိအမြင်ဖြစ်ဖို့အတွက် ဓာတ်ပုံပြိုင်ပွဲတွေလုပ်တယ်။ လူတွေ စိတ်ဝင်စားလာအောင် ကိုယ်ရဲ့ ပတ်ဝန်းကျင် သန့်ရှင်းဖို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတဲ့ မက်ဆေ့လေး တွေ ပေးနိုင်အောင် လုပ်ဆောင်ခဲ့ကြတယ်။ ၂၀၁၉ ၊၂၀၂၀ ကိုဗစ်ဖြစ်တဲ့အချိန်မှာ ပြည်သူတွေက အပြင်မထွက် ရတာရှိတယ်။ ကိုဗစ်က အရမ်းဆိုးနေတဲ့အခါကျတော့ အခြေခံလူတန်းစားတွေ ရက်ကြာလာတာနဲ့အမျှ စား သောက်ကုန် အခက်အခဲတွေရှိလာတယ်။ အပြင်မထွက်ရဘူး။ အလုပ်အကိုင်တွေ ရပ်နားထားတဲ့အခါကျတော့ စားဝတ်နေရေး အခက်အခဲတွေဖြစ်လာတယ်။ သူတို့အတွက် လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေ ဆန်နဲ့ ရိက္ခာတွေကို အခြေခံလူတန်းစားတွေရှိတဲ့ မြို့နယ်တွေဆီမှာ ဝေငှခဲ့ကြတယ်။ ဆေးရုံ၊ ဆေးခန်းတွေ ကွာရန် တင်းစင်တာတွေ လိုအပ်တဲ့ ကိုဗစ်ပစ္စည်း လိုအပ်တာတွေ ကူညီခဲ့တယ်။ ဒါကတော့ အာဏာမသိမ်းခင်ပေါ့။

မှတ်မှတ်ရရ ဆိုရင် clean Yangon ကနေပြီးတော့ပြန်လည်အစားထိုးထုတ်ကုန်တွေလုပ်ခဲ့တယ်။ ပရောဂျက်က ဘာလဲဆိုရင် ပရဟိတကျောင်းတွေမှာ စွန့်ပစ်ရေသန့်ဘူးတွေ၊ စွန့်ပစ်ပလတ်စတစ်အမှိုက်တွေ စုပေါင်းပြီးတော့ စာကြည့်တိုက်လေးဆောက်လုပ်ပေးဖို့ ကြိုးစားနေတာရှိတယ်။ တကယ်လည်း ပြီးတော့မယ်။ ရေသန့်ဘူးတွေ ထဲမှာ စွန့်ပစ်ကော်ဖီမစ်  အိတ်ခွံလေးတွေထည့်တယ်။ ဒီရေသန့်ဘူးခွံတွေနဲ့ပဲ စာကြည့်တိုက်ဆောက်နေတယ်။ ဆောက်ပြီးနောက် တစ်ပတ်လောက်အလိုမှာအထဲမှာ စာအုပ်စင်တွေ ထည့်ကာနီးအလိုမှာ ၂၀၂၁ ဖေဖော်ဝါရီ လမှာ အာဏာသိမ်းတယ်။ အာဏာသိမ်းလိုက်တဲ့အခါကျတော့ ကျွန်မတို့လုပ်နေတဲ့ဟာတွေလည်း သိုသိုသိပ် သိပ်ပဲ ပြီးသွားတယ်။ ကျွန်မတို့ တော်လှန်ရေးကိုပဲ တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့တာပေါ့။

သံလွင်တိုင်းမ် – Clean Yangon အနေနဲ့ အာဏာမသိမ်းခင် ဘာတွေ လုပ်ဆောင်ဖြစ်ခဲ့လဲ။ လက်ရှိမှာရော စစ်ရှောင်ပြည်သူတွေကို ဘယ်လိုဝန်ဆောင်မှုတွေ ပေးနေပါသလဲ။

ဒေါ်သင်ဇာအေး – ကျွန်မကိုယ်တိုင်ကလည်း သူနာပြုတက္ကသိုလ်(ရန်ကုန်) မှာ ကျောင်းပြီးတာ။ NGO မှာ ကျန်း မာရေးဆရာမအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်။ အာဏာသိမ်းပြီးတဲ့ အခါကျတော့ ကျွန်မတို့က တောက် လျှောက် အကြမ်းမဖက်ဆန္ဒ ထုတ်ဖော်ခြင်းနဲ့ ပါဝင်ခဲ့တယ်။ လေးလပိုင်းမှာကတော့ ကျွန်မတို့က ကိုယ့်လမ်း ကိုယ် ရွေးချယ်ရတော့မှာပေါ့။ လေးလပိုင်းအကုန်လောက်မှာ ချင်းပြည်နယ်မှာစပြီးတော့ ပြည်သူ့သူရဲကောင်း CDF တွေနဲ့ တိုက်ပွဲလေးတွေဖြစ်တယ်။ အဲဒီမှာစစ်ရှောင်တွေ စဖြစ်ပေါ်လာတယ်။ ကိုယ်တိုင်လည်း ဒီမတိုင်ခင် က မိခင်ပရဟိတအဖွဲ့မှာ ကျွန်မက နယ်ဘက်တွေမှာ သွားပြီးတော့ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ် ပေးနေကြ။ ဒီလိုအချိန်မှာ ငါဘာတာဝန်ထမ်းပေးနိုင်မလဲ။ ကိုယ်တတ်တဲ့ပညာနဲ့ လုပ်ပေးလို့ရတာတွေ လုပ်ပေး ချင်တယ်။ ဒီလိုနဲ့ သွားခဲ့တာပေါ့။ ဒီကရင်နီရောက်တော့လည်း ကိုယ်တိုင်က ဆရာမတစ်ယောက် ဖြစ်တဲ့အ တွက် စစ်ရှောင်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးတယ်။ ပြီးတော့ Clean Yangon က ၂၀၂၁ ခြောက်လပိုင်း စစ်ဘေးရှောင် သွေးချင်းတွေရောက်လာတဲ့ အချိန်ကတည်းက စစ်ရှောင်သွေးချင်းတွေမှာ အ ဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့လာတဲ့သူတွေရှိတယ်။ ကလေးငယ်လေးတွေပါတဲ့ စစ်ရှောင်မိသားစုတွေရှိတယ်။ နာတာရှည် ရောဂါသည်တွေဆိုရင် ဆေးတွေမပါဘူး။ ဆေးမှတ်တမ်းမရှိတဲ့ အခါကျတော့ အခြေခံလိုအပ်ချက် တွေဖြစ်တဲ့ စစ်ဘေးရှောင်လာရပြီဆိုကတည်းက တောတောင်တွေမှာ နေရတယ်ဆိုတော့ ကျွန်မတို့က အမိုးအ ကာတဲလေးတွေ လှူပေးခဲ့တယ်။ ဝါးနဲ့ ဆောက်ရမယ်ဆိုရင်လည်း ဝါးတွေကူညီပေးတယ်။ အိမ်သာ၊ အဝတ် အထည်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေအစပေါ့။ ကျွန်မတို့ ပေးခဲ့ပါတယ်။

စစ်ရှောင်လာတာ ကြာလာတာနဲ့ စားရေးသောက်ရေးမှာ ပြဿနာရှိလာတဲ့အခါမှာ ကျွန်မတို့က ဆန်နဲ့ ရိက္ခာ တွေ ဝေမျှပေးတယ်။ ဒီနေ့ ဒီအချိန်ထိ စားနပ်ရိက္ခာတွေ မျှဝေပေးနေသလို နေ့စဉ်အဟာရ ကျွေးတာလေးလဲ လုပ်ဆောင်ပေးနေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု တွေလုပ်ပေးတယ်။ ဒါကတော့ ဒီလူကြီးတွေ အတွက် ပေါ့။ ကလေးတွေကျတော့ ကလေးတော်တော်များများမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်တာလေးတွေရှိပါတယ်။ ဒီ ဘက်ကျတော့ လေကြောင်းဒဏ်ကို အရမ်းခံရတယ်။ လက်နက်ကြီးဒဏ်ကို အရမ်းခံရတယ်။ ကလေးတွေမှာ အသံတစ်ခုခု ကြားပြီဆိုရင် ကြောက်တဲ့စိတ်နဲ့ ဗုန်းခိုကျင်းထဲဝင်ရမယ်ပေါ့။ ဒါမျိူးတွေ ရှိတဲ့အခါကျတော့ အများ ကြီးမကုနိုင်တောင်မှ အနည်းဆုံး စိတ်သက်သာရဖို့အတွက် ကလေးတွေနဲ့အတူ ကစားပေးတာတို့၊ ကြိုက်တဲ့အ ရုပ်လေးပေးတာတို့ ဒီဘက်ကကလေးတွေ သိုးမွှေးရုပ်လေးတွေ အရမ်းသဘောကျကြတယ်။ အရုပ်ကလေး တွေကို ဖက်ထားခဲ့ကြတယ်။ အရုပ်ကလေးတွေ ပေးတာသဘောကျကြတယ်။

ပြီးတော့ ကစားပုံ ကစားနည်းလေးတွေဆော့ပေးတယ်။ လေ့ကျင့်ခန်းတွေ လုပ်ပေးတယ်။ ပုံပြင်လေးတွေ ပြော ပြတယ်။ သူတို့ကြိုက်တဲ့ မုန့်လေးတွေ ကလေးဆိုတော့ မုန့်ကလည်းကြိုက်တော့ အသစ်အဆန်းလေးတွေ ကျွေးရင် သူတို့အရမ်းပျော်ကြတယ်။ နောက်တစ်ခုက ဒီမှာစစ်ရှောင်စခန်းတွေများတယ်။ အချိန်ကြာလာတာနဲ့ ကလေးတွေပညာရေးအတွက် စာသင်ကျောင်းဆောင်လေးတွေ လိုအပ်လာတယ်။ ကျွန်မတို့ အနေနဲ့ ဒီစာသင် ကျောင်းဆောင်လေးတွေကိုလည်း Clean Yangon ကနေ စာသင်ကျောင်းဆောင် ဆောက်လုပ်လှူပေးနေ တယ်။ ကလေးကစားကွင်းလေးတွေ ပညာရေးအတွက် သင်ထောက်ကူ ပစ္စည်းလေးတွေ လှူဒါန်းတာတွေ လုပ် ပေးနေပါတယ်ရှင်။

သံလွင်တိုင်းမ် – အခုလို စစ်ရေးကာလမှာ စစ်ရှောင်ပြည်သူတွေကို မြေပြင်အထိ ဆင်းပြီး ကူညီပေးရာမှာ ကိုယ်တိုင်ကြုံတွေ့ရတဲ့ ဖြစ်စဉ်တွေနဲ့ ဘယ်လို အမှတ်တရတွေ ရှိခဲ့ပါသလဲ။

ဒေါ်သင်ဇာအေး – အမှတ်ရစရာတွေက တော်လှန်ရေးကာလမှာ နည်းနည်းများတယ်။ ကျွန်မချင်းပြည်နယ် သွားတုန်းကဆိုရင် Clean Yangon ထူထောင်သူကိုယ်တိုင်ကလည်း ဧပြီလကတည်းက TV မှာ ၅၀၅(က) နဲ့ ဝရမ်းပါလာတယ်ဆိုတော့ အဖွဲ့အစည်းနဲ့ ဆက်စပ်တဲ့သူတွေ၊ အဖွဲ့အစည်းနဲ့ ဆက်စပ်တဲ့အရာတွေက သိုသို သိပ်သိပ် လုပ်ရတဲ့အခါကျတော့ ဒီချင်းပြည်နယ်ကို သွားတဲ့အခါဆိုရင် တည်းခိုတဲ့ နေရာတွေကအစ အရမ်းဂရု စိုက်ရတယ်။ ပြီးတော့ ကိုယ့်ကိုခေါ်သွားတဲ့ကားက တကယ်ကူညီပေးတာလား။ ကိုယ့်ဘက်က သေချာရဲ့လား ဆိုတဲ့ စိုးရိမ်မှုတွေကြုံခဲ့ရတာပေါ့။ ကရင်နီရောက်တဲ့အခါမှာကျတော့ ဘာတွေ့လည်းဆိုတော့ လေကြောင်းရဲ့ ဒဏ်ကို ပြောရမယ်ဆိုရင် ရုပ်ရှင်တွေ ဗီဒီယိုထဲမှာပဲ မြင်ဖူးတယ်။ လေကြောင်းတိုက်ခဲ့တဲ့ဟာတွေ လက်နက်ကြီး နဲ့ ထုတဲ့ဒုန်းဒိုင်းဆိုတဲ့ အသံကြားပေမဲ့ မျက်ဝါးထင်ထင်မြင်ခဲ့ရတာမျိူးမရှိဘူး။ ဘယ်နေရာမှာ လက်နက်ကြီး ထုနေတာလဲ မသိဘူး။

တစ်ရက်ညနေဘက် ဆေးကုနေတဲ့အချိန် လူနာတွေလည်း များတယ်။ တစ်ရာကျော်ဆိုတော့ အိမ်ရှေ့မှာ ထိုင်နေကြတာပေါ့။ ငါးနာရီခွဲ၊ ခြောက်နာရီလောက် ဒီဘက်မှာကကျတော့ အမှောင်မြန်တယ်ဆိုတော့ ရွာက ဆိုလာမီးလေးဆင်ပေးထားတယ်။ ဆိုလာမီးလေးနဲ့ထိုင်ပြီး လူနာတွေအကြောင်း ပြောနေတုန်း ကောင်းကင်က မီးကျည်ကျလာတယ်ပေါ့။ အဲဒီတုန်းက လက်နက်ကြီးမှန်းလဲ မသိဘူး။ ဟယ်ဟိုမှာ ကြည့်ပါဦး။ ကောင်းကင်က မီးကျည်ကြီးကျလာတယ်ပေါ့။ ဘာကြီးမသိဘူး။ အဲဒီလိုဘုမသိ ဘမသိကြည့်တဲ့အချိန်မှာ မီးကျည်ကြီးက နီးနီး လာပြီးတော့မှ အုန်းအုန်းအသံကြားတော့ ထိပ်နားမှာ ရဲဘော်လေးတွေရှိတော့ ဆရာမ မီးပိတ်ပေး မီးပိတ်ပေး လက်နက်ကြီးနဲ့ ထုပြီးတာနဲ့ လေယာဉ်လာတော့မယ်လို့ ပြောနေတဲ့အခါကျတော့ ရန်ကုန်မှာနေတုန်းက ဆိုလာ မီးဆိုတာ မရင်းနှီးခဲ့တော့ ဆိုလာကို ဘယ်လိုပိတ်ရမယ်မှန်းမသိဘူး။ ကြိုးတွေကို ဆွဲဖြုတ်ခဲ့ရတယ်။ ဒါလေး က တော့ ပထမဆုံးကြုံခဲ့တဲ့ မှတ်မှတ်ရရ အချိန်လေးပေါ့။ နောက်အမှတ်ရစရာအချိန်က အခုလိုပြန်ပြောရင် ရယ်စ ရာ မကောင်းဘူး။ လေယာဉ်ကလာပြီးတော့ဆေးရုံတွေ စစ်ရှောင်တွေကို ကြဲတဲ့အခါမှာ အပြစ်မဲ့တဲ့ ပြည်သူတွေ အသက်ပေးလိုက်ရတယ်။ ဆေးရုံတစ်ရုံတုန်းကဆိုရင် မီးဖွားတာနှစ်ရက်ပဲရှိသေးတဲ့ မီးနေသည် မိခင်ဆုံးပါး သွား တယ်။ ကလေးက နှစ်ရက်နဲ့ မိခင်မဲ့သွားတယ်။ ဒါမျိူးတွေ ကြုံရတယ်။ အမြဲတမ်း အမှတ်ရနေမယ်။ ဒါပေ မဲ့ အမှတ်ရစရာ မကောင်းတဲ့အမှတ်ရမှုပေါ့။ နောက်တစ်ခါကျတော့ စစ်ရှောင်စခန်းကို လေယာဉ်နဲ့ လာကြဲတဲ့ အခါ အပြစ်မဲ့တဲ့ သားအဖဆုံးပါးသွားတယ်။ ဒါမျိူးတွေက မျက်စိရှေ့မှာခံစားရတယ်။ ဒီစစ်ကောင်စီက ပြည်သူ တွေကို လုံးဝမခွဲခြားဘူး။ ရန်သူလိုပဲ သဘောထားတာ။ စစ်ရှောင်စခန်းကော ဆေးရုံကောနားမလည်ဘူး။ အ ကုန်လုံးကို လက်နက်ကြီးနဲ့ ထုတယ်။ ဆုံးရှုံးမှုတွေက အရမ်းများတယ်။ နေ့တိုင်းဒါမျိူးတွေကြုံရပါတယ်။ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်မရှိပါဘူး။ အကုန်လုံးက နာကျင်စရာတွေ ကြေကွဲစရာ ဆုံးရှုံးမှုတွေပဲရှိပါ တယ်။

သံလွင်တိုင်းမ် – ဆရာမတို့အနေနဲ့ မြို့ပြကနေ သွေးချင်းတွေရဲ့ ဒေသကိုရောက်တော့ မြို့ပြနဲ့တောင်တန်း ဒေသတွေက ဘယ်လိုကွာခြားမှုတွေ ရှိနေတာ တွေ့ရပါသလဲ။

ဒေါ်သင်ဇာအေး – အရင် ရန်ကုန်မှာရှိတယ်ဆိုကတည်းက မိခင်ပရဟိတအသင်းမှာ တောင်တန်းဒေသတွေ မဖွံဖြိုးသေးတဲ့ နေရာတွေမှာ စာကြည့်တိုက်ဆောက်ပေးတာ၊ စာသင်ကျောင်းဆောက်ပေးတာမျိူး ရေတွင်းရေ ကန် လှူပေးတာတို့ လုပ်ခဲ့ပါတယ်။ ပုံမှန်က ဒီတော်လှန်ရေးမတိုင်မီ ကာလကတည်းက တောင်တန်း၊ တိုင်းရင်း သား ဒေသတွေမှာ တန်းတူညီအခွင့်ရေးကို ကြိုးစားနေရတဲ့အချိန် အချို့အရာလေးတွေက အများကြီး ကွာခြား နေသေးတဲ့အချိန် အာဏာသိမ်းလိုက်တော့ ပိုပြီးဆိုးသွားတာပေါ့။ ဒီဘက်ဒေသတွေမှာ ပြည်သူ့အစိုးရ လက် ထက်မှာလုပ်ပေးခဲ့တဲ့ မီးတွေ၊ ရေပိုက်တွေဆင်ဖို့ လုပ်နေတာတွေရှိတယ်။ လမ်းတွေဖောက်နေတာ ရှိတယ်။ အဲဒါတွေအကုန်လုံးက အာဏာသိမ်းလိုက်တဲ့အချိန် စစ်ကောင်စီက ဖြတ်လေးဖြတ် သူတို့ရဲ့ လုပ်ထုံးလုပ်နည်း အတိုင်း မီးတွေဖြတ်တယ်။ ဆက်သွယ်မှု ဧရိယာတွေဖြတ်တယ်။ ရိုးရိုးဖြတ်တာတောင်မဟုတ်ဘူး။ နိုင်သွားတဲ့ အခါမှာ လုံးဝအစက ပြန်စရအောင် ယုတ်မာတာပေါ့။ တိုင်းရင်းသားဒေသတွေက မြေပြန့်နဲ့တန်းတူ ပြန်အခွင့် အရေးရဖို့ ပြန်လုပ်ယူရမယ်။ ဒီဘက်မှာ အရင်တုန်းက မီးရနေပြီ၊ ရလဲရခါနီးအချိန်မှာ အကုန်ပြန်ဆုတ်ယုတ် သွားတာပေါ့။ ဒီဘက်က လူတွေက ဖြူစင်တယ်။ ရိုးသားတယ်။ ပြောရမယ်ဆိုရင်သူတို့လိုချင်တာ တပ်မက်တာ အားနည်းတယ်။ တန်းတူအခွင့်ရေးဆိုတာ တစ်ချို့ကသိပ်မသိဘူး။ တော်တော်ကြီး ပြန်ပြီးလုပ်ယူ ကြိုးစားပေးရ မယ်။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ တိုင်းသားရင်း သွေးချင်းကလေးငယ်တွေရဲ့ ပညာရေးဟာ ဘယ်လိုအခြေ အနေတွေ ဖြစ်ပေါ်နေသလဲ။ သူတို့စိတ်တွေထဲမှာရော ဘယ်လိုခံစားချက်တွေ ရှိနေလဲ။ ပြောပြပေးပါဦး။

ဒေါ်သင်ဇာအေး – ပညာရေးကတော့ အာဏာမသိမ်းခင် ၂နှစ် လောက်ကတည်းက ကိုဗစ်ဖြစ်တော့ ရပ်နား ထားရတယ်။ ၂၀၂၁ ဖြစ်ဖြစ်ချင်းမှာလည်း ပညာရေးကဆက်ပြီး ရပ်နားထားရတယ်။ စာသင်လို့ မရသေးဘူး ဆိုတော့ သုံးနှစ်ခြား ကာလလောက်မှာ ပညာရေးနဲ့ အလှမ်းဝေးသွားတယ်။ ဒါပေမဲ့ ဘာတွေ့ရလဲဆိုတော့ ကလေးတွေက ကျောင်းတွေ ပြန်ဖွင့်တော့မယ်။ ကျောင်းတွေ ပြန်တက်ရမယ်ဆိုရင် အရမ်းပျော်ကြတယ်။ ကျောင်းတက်ရတော့မယ်။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့မယ်ဆိုတဲ့ စိတ်လေးတွေ သူတို့ဆီမှာ တွေ့ရ တယ်။ သူတို့မှာ ပညာသင်ချင်တဲ့ စိတ်အရမ်းများတယ်။ အကြောင်းအရပ်ရပ်ကြောင့် သုံးနှစ်လောက်နားသွားခဲ့ တယ်ပေါ့။ ဒီဘက်မှာတော့ ၂၀၂၁ လောက်ကတည်းက ပညာရေးစနစ်ဖော်ဆောင်တာပေါ့။ အခုကရင်နီ ဒေ သမှာဆိုရင်လည်း ကြားကာလအစိုးရ ပေါ်ပေါက်လာတဲ့ အခါကျတော့ ကလေးတွေအတွက် ပညာရေးဖြစ်ဖြစ်၊ စစ်ရှောင်တွေအတွက်ပဲဖြစ်ဖြစ် ဖော်ဆောင်နိုင်ပြီဆိုတော့ အရင်ထက်ပိုပြီး လုပ်ဆောင်နိုင်လိမ့်မယ်။ တိုင်းရင်း သား ကလေးတွေဖြစ်တဲ့အခါကျတော့ စာလိုချင်စိတ်များတယ်။ သင်ယူလိုစိတ်လဲများတယ်။ တစ်ချို့ ကလေး တွေကျတော့ ပညာရေးနဲ့ နည်းနည်းအလှမ်းဝေးတဲ့ အခါကျတော့ ကျောင်းမတက်ချင်တဲ့ ကလေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အရေအတွက် တအားနည်းပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.