“မွန်ဘာသာနဲ့တေးသီချင်းတွေသီဆိုပေးခဲ့တဲ့ ဂန္ထဝင်အဆိုတော်ကြီးမာမာအေးအကြောင်းအမှတ်တရတွေကို ပြန်ပြောင်းပြောပြပေးခဲ့တဲ့ မွန်ဂီတပညာရှင် နိုင်ဗညားအောင်”

0
152

အသံကဝေမကြီးလို့ တင်စားကြတဲ့ ဂန္ထဝင်အဆိုတော်ကြီး မာမာအေးဟာ ပြီးခဲ့တဲ့ဇန်နဝါရီ ၉ ရက်နေ့ မြန်မာစံ တော်ချိန် ၆ နာရီအချိန်ခန့်မှာ အမေရိကန်ပြည်ထောင်စု၊ ဖို့ဒ်ဝိန်းမြို့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ၁၉၅၀ အစောပိုင်းကနေ ၁၉၉၈ ထိ မြန်မာပြည်တေးလောကမှာ တဟုန်ထိုးနာမည်ကြီးလာတဲ့ ဂန္ထဝင်အဆိုတော်ကြီး မာမာအေးဟာ မေ့ကွက်ကိုရှာ၊သက်တန့်ပေါ်မှာ ကစားမယ်ကစပြီး တရေးချစ်ခွင့်မြင်ရနိုး ၊ မောင့်အချစ်မျှား၊ ချစ်သူ့နယ်မြေစတဲ့ နာမည်ကြီးဂန္တဝင်သီချင်းပေါင်း ထောင်ချီ အသံသွင်းသီဆိုခဲ့ပါတယ်။

ထူးခြားမှုအနေနဲ့ ဂန္ထဝင်အဆိုတော်ကြီး မာမာအေးဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလပါတီကောင်စီ ခေတ်)မာ မွန်အသုံးလုံးသီချင်းကို မွန်ဘာသာနဲ့ သီချင်းပေးခဲ့ဖူးပါတယ်။ ဂန္တဝင်အဆိုတော်ကြီး မာမာအေး မွန် သီချင်း သီဆိုဖြစ်ခဲ့ပုံ၊ ဂီတလောက လျှောက်လှမ်းမှုတွေနဲ့ သူကွယ်လွန်မှုဟာ ဂီတလောကအတွက် ဘယ် လောက်အထိ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရလဲ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မွန်ဂီတအစည်းအရုံး ဒုတိယဥက္ကဋ္ဌ နိုင်ဗညားအောင်နဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံး ဂန္ထဝင်အဆိုတော်ကြီး မာမာအေး ကွယ်လွန်မှုဟာ မြန်မာ့ဂီတလောကအတွက် ဘယ်လောက်အထိ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ခဲ့ရလဲ။

နိုင်ဗညားအောင် – အန်တီ မာမာအေးကို ကျွန်တော်တို့ မွန်ဂီတသမားတွေ၊ ကျွန်တော်တို့ ဆရာတွေကတော့ အသံကဝေရှင်၊ အသံကဝေမလို့ေ ပြာတာပေါ့။ အသံကအမျိုးမျိုး ဆိုလို့ရတယ်။ မာမာအေးဆိုတာ သူရဲ့ ထူး ချွန်တဲ့ အသံပါရမီကို ဂီတသမားတိုင်းကတော့ အသိမှတ်ပြုကြတာပေါ့။ တကယ်ထူးချွန်တဲ့ ပါရမီရှင်။ ပြန်ပြော မယ်ဆိုရင် အန်တီမာမာအေး ဆုံးရှုံးတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဂီတသမားတွေမှာ တကယ့်အဖိုးတန်တဲ့ ရတနာတစ်ပါး ဆုံးရှုံး သွားတယ်လို့ခံစားရပါတယ်။

ကျွန်တော်တို့ မွန်ဂီတသမားတွေဆိုရင် အန်တီမာမာအေးကို အသံကဝေမတစ်ပါးလို့ တင်စားခေါ်ဝေါ်လေ့ ရှိတယ်။ သူ့အနေနဲ့ မွန်သီချင်းကြီး သီချင်းဟောင်းတွေလည်း တော်တော်များများ ဆိုခဲ့တယ်။ နောက်ပိုင်းမှာ မွန်ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့သီချင်းတွေ၊ ဗမာလိုဆိုခဲ့တဲ့ သီချင်းတွေလည်း ရှိခဲ့တယ်။ ဒေါက်တာ နတ်ပန်းလှ တို့ရေးခဲ့တဲ့ မွန်တို့ဂုဏ်ရည်စီးရီးတွေမှာလည်း သူဆိုပေးခဲ့တာရှိတယ်။ နောက်ပိုင်းမှာလည်း အသုံးလုံး သီချင်း တို့၊ လူထုလှုပ်ရှားမှုသီချင်းတွေ မွန်အတွက် မွန်လိုဆိုခဲ့တာလည်း ရှိခဲ့တယ်။ ကျွန်တော်တို့မှာကျတော့ အစား ထိုးလို့မရတဲ့ ဆုံးရှုံးမှုကြီးတစ်ရပ်လို့ ခံစားရတယ်ခင်ဗျ။

သံလွင်တိုင်းမ်- မွန်ဂီတအစည်းအရုံး တာဝန်ရှိသူတစ်ဦးအနေနဲ့ ဂန္ထဝင်အဆိုတော်ကြီး မာမာအေးရဲ့ ဂီတ လောက လျှောက်လှမ်းမှုနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

နိုင်ဗညားအောင် – ပြောင်မြောက်တဲ့ အနုပညာရှင်လို့ ကျွန်တော် အဲဒီလိုမြင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့အတွက်ကို အနုပညာနဲ့ပတ်သက်ပြီး အဓိကအဆိုပေါ့။ ကျွန်တော်ကတော့ အဆိုနဲ့ပတ်သက်ပြီး သူနဲ့မရင်းနှီးပါဘူး။ ဒါပေမဲ့ ကျွန်တော့တပည့်တွေသူနဲ့ သွားတွေ့တယ်။ သင်ကြားခဲ့တဲ့ အမျိူးသမီးတွေ မိန်းက လေးတွေ ရှိတယ်။ သူတို့ ပြောပြလို့ သိရတာပေါ့။ အဓိက ကျွန်တော်နဲ့ သိပ်ရင်းနှီးတာမရှိဘူး။ တစ်ခါနှစ်ခါ လောက်ပဲ တွေ့ဖူးပါတယ်။ ကျွန်တော်တို့ ဆရာတွေပြောလို့ သိတာများပါတယ်။ သူ့အနေနဲ့ကျတော့ ဥပမာ သီချင်းကြီးအပိုင်းမှာ သူဆိုခဲ့တဲ့သီချင်းတွေ အမြဲတမ်းနားထောင်တယ်။ လေ့လာရတယ်။ မွန်သီချင်းတွေ ကျွန် တော်တို့ လေ့လာရတယ်။ သူရဲ့ဆိုပေါက်ဆိုဟန်တွေ ကျွန်တော်တို့ မှာကတော့ အမြဲတမ်းစွဲနေတယ်။ သူ့ရဲ့ ဆိုပေါက်ဆိုဟန်ကို ကျွန်တော်တို့ကြိုက်တယ်။ သူက ဗမာလိုပဲဆိုပါတယ်။ မွန်သီချင်းဆိုပေမဲ့ ကျွန်တော်တို့ ကတော့ ကြိုက်တာပဲ။ ဘာလို့လဲဆိုတော့ သူရဲ့ထူးခြားတဲ့ အသံပါရမီကြောင့်ပေါ့လေ။

သံလွင်တိုင်းမ် – ဂန္ထဝင်အဆိုတော်ကြီး မာမာအေးဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကောင်စီခေတ်မှာ မွန်အသုံးလုံး သီချင်းကို မွန်ဘာသာနဲ့ သီချင်းပေးခဲ့ဖူးပါတယ်လို့ သိရပါတယ်။ ဒီသီချင်းလေး ဖြစ်ပေါ်လာပုံကို ပြောပြပေးပါဦး။

နိုင်ဗညားအောင် – အခုတလော အွန်လိုင်းမှာပေါ်နေတဲ့ သီချင်းပေါ့။ မွန်အသုံးလုံးသီချင်း။ အသုံးလုံးဆိုတာ ရေးဆိုဖတ်ဆိုတဲ့သီချင်း။ မွန်လိုဆိုတဲ့ သီချင်းပေါ့။ အွန်လိုင်းမှာတွေ့တာပေါ့။ ဒီအွန်လိုင်းသီချင်းက ၁၉၈၁ – ၈၂ ခုနှစ်မှာ အိုအေစစ်စတူဒီယိုမှာ သွင်းပါတယ်။ ဂီတမှုးကိုသက်နဲ့ ဒီသီချင်းကို မွန်အသုံးလုံးအတွက်ကို ရေးမြို့ နယ် မွန်စာပေယဉ်ကျေးမှု အဖွဲ့ပေါ့။ ပါတီကောင်စီကနေ ဖွဲ့စည်းထားတာ။ အဲဒီမှာ ကျွန်တော်တို့အသုံးလုံး သီချင်းထုတ်တာ ဆရာမင်းသိမ်းဆွေနဲ့ မင်းကိုသာတို့ရေးပါတယ်။ သံစဉ်ကို မင်းကိုသာပဲရှာပါတယ်။ ကိုသက်နဲ့ ဂီတမှုးကိုသက်စစ်တွေပါ။ အဲဒီမှာ ၈၁၊ ၈၂၊ ၈၃ လောက်မှာ သီချင်းစီးရီးထုတ်ပါတယ်။ အဲဒီမှာ အန်တီ မာမာ အေးက မွန်လိုဆိုပါတယ်။ သူမွန်လိုဆိုနိုင်အောင် ကျွန်တော်တို့လည်း ပါခဲ့ပါတယ်။

သူကဒီစာလုံးတွေကို ဗမာလိုရေးပြီးတော့ တစ်ခါတလေ အင်္ဂလိပ်ဖော်နေးတစ် စာလုံးတွေနဲ့ မှတ်ထားပြီးတော့ မွန်လိုပီသအောင် ရအောင်ဆိုတယ်။ အောင်မြင်ခဲ့ပါတယ်။ ကျွန်တော်တို့လည်း ကြိုက်တယ်။ သူဆိုခဲ့တဲ့ ဆို ပေါက်တွေ မွန်အသံက ဗမာမှန်းမသိပါဘူး။ မွန်တစ်ယောက်လိုပဲ ထင်ရပါတယ်။ အဲဒီလို ဖြစ်ခဲ့တာပေါ့။ ကျွန် တော်တို့အနေနဲ့ အန်တီမာမာအေးက မွန်လိုဆိုတယ်။ သူက မွန်အဓိပ္ပါယ်ကိုတော့ နားလည်မှာမဟုတ်ဘူး။ ယေဘုယျကတော့ သူမေးတာပေါ့။ ဒီစာလုံးက ဘာအဓိပ္ပါယ်လဲ။ ဒီစာလုံးက ဘာကိုပြောလဲ။ ဥပမာ ချူကရေး၊ တုတ်ဆိုတာ တွက်တာ၊ အောဆိုတာ ဖတ်တာ။ သူ့ကို တစ်လုံးစီ ရှင်းပြရတာပေါ့။ ဖော်နေးတစ်နဲ့ အင်္ဂလိပ်လို မှတ်ပြီးတော့ မွန်လိုအသံထွက်နိုင်အောင် ကြိုးစားခဲ့ရတာပေါ့။

အဲဒါကက မှတ်မှတ်ရရပဲ။ တစ်ချိန်က ကျွန်တော်တို့ အဲဒီမှာလနဲ့ချီပြီး ကြာခဲ့ပါတယ်။ စတူဒီယိုမှာ ရက်ရဖို့ ဆိုတာကလည်း တော်တော်ကို အချိန်ယူရပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ မပါခဲ့ဘူးပေါ့လေ။ ဆရာ ဒေါက်တာနတ်ပန်းလှတို့ ရေးခဲ့ဖူးတဲ့ မွန်တို့ဂုဏ်ရည်သီချင်း သွင်းတုန်းကဆိုရင် ကျွန်တော့်အထင် ၁၉၉၅၊၉၆  လောက်မှာ ဖြစ်လိမ့်မယ်လို့ထင်တယ်။ မမှတ်မိတော့ဘူး။ အဲဒီသီချင်းတွေမှာလည်း မွန်အကြောင်း၊ မွန်ယဉ် ကျေးမှုအကြောင်းကို ဗမာလိုဆိုပါတယ်။ ဒါပေမဲ့ မွန်လိုဆိုတဲ့အခါမှာကျတော့ မွန်အဆိုတော်တွေ ပြန်ဆိုတယ်။ အဲဒီလိုရှိတာပေါ့။ ဗမာလိုကျတော့ အန်တီတင်တင်မြ၊ မာမာအေးတို့ ဆိုတာပေါ့။ မွန်နဲ့ပတ်သက်တဲ့ မှတ်တိုင်က အဲဒီနှစ်ခုပေါ့ မှတ်မိတယ်။ ကျန်တဲ့ဟာကတော့ မွန်သီချင်းကြီးတွေ။ အင်းချင်းတို့က အစပေါ့လေ။ သူက ဆိုခဲ့ တာပေါ့။ ကျွန်တော်တို့ အမြဲနားထောင်ဖြစ်တယ်။ အဲဒီကလည်း ကျွန်တော်တို့ ပညာယူပါတယ်။ အဆိုပညာ တွေကို သီချင်းကြီးဆီက လေ့လာရတာပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ အဆိုသမားတော့ မဟုတ်ပါဘူး။

သံလွင်တိုင်းမ် – ဂန္ထဝင်အဆိုတော်ကြီး မာမာအေးဆီကနေ နောင်လူငယ်တွေ ဘယ်လိုဂီတပညာတွေကို သင်ယူ သင့်ပါလဲ။ ဘာတွေများ တိုက်တွန်းလိုတာရှိမလဲ။

နိုင်ဗညားအောင် – သီချင်းဆိုတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ရိုးရာအခြေခံက အရေးကြီးပါတယ် ဂီတမှာလေ။ ဗမာ ဆိုရင်လည်း ဗမာ၊ ရိုးရာမွန်ဆိုရင်လည်း မွန်ရိုးရာ။ ကျွန်တော်တို့ မွန်နဲ့ ဗမာဆိုရင်လည်း ဆိုဟန်ဆိုပေါက်က သိပ်ပြီး ကွာလှတာတော့ မဟုတ်ဘူး။ ဥပမာမွန်တွေဆိုခဲ့တဲ့ ဒီသားချော့သီချင်းတွေဆိုရင် ဗမာတွေအများကြီး ဆိုခဲ့တယ်။ ဗမာတွေမှာ အများကြီး ရှိခဲ့တယ် မွန်သီချင်းတွေ။ ဂီတမှာလူမျိူးတစ်မျိူးနဲ့ကြား အကွဲပြားကြီး မရှိ ဘူး။ ဘာသာစကားနဲ့ ပြောတဲ့အခါမှာ ကွဲပြားပေမဲ့ ဂီတသံစဉ်တွေကတော့ အတူတူပဲ ခံစားရတယ်ပေါ့။ ဥပမာ ပေါ့။ သားချော့သီချင်းဆိုရင် မွန်လိုတီးလိုက်တာနဲ့ သားချော့သီချင်းမှန်း သိတယ်။ သားချော့သီချင်းက မွန်တေး သွားကို အခြေခံတာပေါ့။ ဗမာလိုဆိုရင် ရိုးရာသီချင်းကတော့ အရေးကြီးတယ်။ ကိုယ်ရဲ့ရိုးရာ၊ ကိုယ်ရဲ့လူမျိုး၊ ဘယ်လိုပြောရမလဲဆိုရင် အရှေ့တိုင်းမှာလည်း ကြည့်လေ။ ဒီတူရိယာတွေမှာ သူ့ရိုးရာကို အခြေခံပြီးမှ ရပ် တည်ကြတာကိုး။ ကိုယ်ကနေပြီးတော့ ကိုယ်ရဲ့ရိုးရာကို အခြေမခံဘူးဆိုရင်  ကိုယ်ကပျောက်သွားမယ်။ ကိုယ်ရဲ့ဂီတကိုလည်း ဘာဂီတအမျိူးအစားမှန်း မသိပဲနဲ့ ပရိသတ်ကြားမှာ ပြနေမယ် ဆိုရင်လည်း ဘာမှ အဓိပ္ပါယ်ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ်ရဲ့ရိုးရာအခြေခံကို ကိုယ်လေ့လာရမယ်။ လူငယ်တွေကို အကြံပြုလိုတာက ဒီဆိုဟန်ဆိုပေါက်တွေက ကိုယ့်ရဲ့ရိုးရာကို အခြေခံရမှာပဲ။ ဘယ်သူမဆို ကိုယ်က ဒီ အမွေတွေကို ဆက်ခံထားဖို့ လိုတယ်။ ဘာလို့ဆိုတော့ ဒီအမွေတွေ ကျွန်တော်တို့စာနဲ့ရေးရင်လည်း ပေါ် လာလိမ့်မယ်။ ဆိုတော့ ကျွန်တော်တို့က သုတေသန လုပ်သင့်ရင်လည်း လုပ်ရလိမ့်မယ်။ ကိုယ်နဲ့ နီးစပ်ရာ အသိုင်းဝန်းမှာလည်း ကိုယ်ရဲ့ဂီတ ရိုးရာဟန်ကို ပြန့်ပွားအောင် ပညာပေးသင့်တာပေါ့နော်။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ ဒီဘက်ခေတ်မှာ ဂန္ထဝင်သီချင်းတွေကို ပြန်ဆိုတေးအဖြစ် ပြန်ဆိုတာတွေ တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဂန္ထဝင်သီချင်းတွေကို ဘယ်လိုထိန်းသိမ်းထားသင့်တယ်လို့ မြင်ပါသလဲ။

နိုင်ဗညားအောင် – ဒီဟာက နှစ်ခုစလုံးပါပဲ။ ပြန်ဆိုတဲ့ cover songs တွေ အနေနဲ့ ပြန်ဆိုသင့်ပါတယ်။ ဒါပေမဲ့ ရှေးဟောင်းလူတွေ ဆိုခဲ့တဲ့ဆိုဟန်ဆိုပေါက်တွေကို လေ့လာရမယ်။ သူက ဘာကိုဆိုလိုသလဲ။ ကိုယ်ဆိုခဲ့တဲ့ ဒီ စာလုံးပေါင်း သတ်ပုံတွေ၊ အဓိပ္ပါယ်တွေ ဒီဟာကိုလည်းမမှားဖို့ အရေးကြီးတယ်။ သီချင်းက ဘာကိုဆိုလိုသလဲ ဆိုတာကို နားလည်အောင် ကြိုးစားသင့်တာပေါ့။ သီချင်းကိုဆိုရုံလောက်က မပြီးပါဘူး။ ဖြစ်တဲ့ပြဿနာတွေ၊ သီချင်းစာလုံး မှားတာတွေ၊ အဓိပ္ပ္ပါယ်မှား‌တာတွေ ရှိတတ်ပါတယ်။ ပြန်ဆိုတေးက ကျွန်တော့်ရဲ့ပုဂ္ဂိုလ်ရေး အရ လက်ခံပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အရင်တုန်းကသွင်းခဲ့တဲ့ အသံစနစ်ဆိုရင် ဒစ်ဂျစ်တယ်စနစ် မဟုတ်ဘူး လေ။ အရင်တုန်းကထက် အခုအသံစနစ်က အရမ်းကောင်းတယ်။ အခုအဆိုတော်တွေ ဆိုလိုက်ရင် ရသပေါ် အောင် တီးခေတ်နိုင်တယ်။ ဆိုနိုင်တယ်။ အရင်ထက်လည်း ပိုကောင်းနိုင်ပါတယ်။ ဒါပေမဲ့ ခက်တာက သီချင်း ဟောင်းကို မကျော်နိုင်တဲ့ ပြဿနာက အခုအသစ်သစ်ရေးတဲ့ဟာက အဟောင်းသမားများကို မကျော်နိုင်ဘူး။ မကျော်နိုင်လို့ ရှေ့ကိုမသွားနိုင်တာ။ ဆိုတော့ ခေတ်ရေစီးကြောင်းပဲပြောပြော။ ဒီနောက်ထွက်လာတဲ့ မျိုးဆက် သစ်တွေက အာရုံစူးစိုက်မှုနည်းတာလား။ ဒါမှမဟုတ် ခေတ်အနေအထား အရလားတော့မသိဘူး။ အနုပညာ အားကတော့ အားမရဘူး။ စက်ကိရိယာပဲ တိုးတက်ပါတယ်။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်၊ ဖန်တီးမှု အယူအ ဆတွေက အရင်လူတွေကို လိုက်မမှီဘူးလို့တော့ ကျွန်တော့ရဲ့ ပုဂ္ဂိုလ်ရေးအရ မြင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.