လောင်းလုံး၊ ဇန်နဝါရီ ၁၂
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ တစ်လနီးပါးအကြာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတာကြောင့် ဒေသခံ ၁၂၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ကစပြီး ဒီနေ့အထိ လောင်းလုံးမြို့နယ်ထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာ ၁၆ ရွာက ဒေသခံ ၁၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကြောင်ထိုးတဲ့ ကျေးရွာတွေက ပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းတွေကို မတရားသိမ်းယူတာ၊ နေအိမ် မီးရှို့ဖျက်ဆီးတာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဟိန်းထက်က ပြောပါတယ်။
“လောင်းလုံးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ကတည်းကလို့ ကျွန်တော်လို့ မှတ်လို့ရတယ်။ ညှင်းမှော် ကျေးရွာကို အ ကြမ်းဖက် ဝင်ရောက်စီးနင်းပြီးတော့ ပြည်သူပိုင် အဖိုး တန် ပစ္စည်းတွေ လုယူယူဆောင်သွားတဲ့ ဖြစ်စဉ်တွေကနေ စခဲ့တာပေါ့။ အဲ့ဒီကနေပြီးတော့ လောင်းလုံး အောက်ဘက်ပိုင်း ကျေးရွာတွေကို အင်အားအများအပြားနဲ့ စစ် ကြောင်းထိုးမှုတွေ လုပ်ဆောင်ခဲ့တယ်။ ပြီးတော့ ပြည်သူတွေကို သတ်ဖြတ်တာ၊ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ တစ်ဆက်တည်းမှာပဲ လူသားဒိုင်းအဖြစ် စစ် ကြောင်းတွေမှာ ဖမ်းဆီး ခေါ်ဆောင်သွားတာ တွေ့ရတယ်” လို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူတွေကို ရပ်ကျေး ပအဖ အဖွဲ့တွေမှတစ်ဆင့် စားဝတ်နေရေးနဲ့ ကျန်းမာရေး ကိစ္စတွေကို ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
နေအိမ် မီးရှို့ဖျက်ဆီးခံရတဲ့ ပြည်သူတွေကိုလည်း မြို့ နယ် ပအဖအနေနဲ့ တတ်နိုင်တဲ့ ထောက်ပံ့မှုတွေ လုပ် ဆောင်ပေးလျှက်ရှိပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေသူတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အရပ်ဖက်အဖွဲ့အစည်းတို့ကလည်း ကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။
လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးတဲ့ ကာလအတွင်း စစ်ပြဲ၊ လေးသွန်းခံ၊ ဟင်းချိုတော၊ သံလျှင်၊ သကျက်တော၊ ညောပြင်နဲ့ အောက်ကျောက်ဝပ်ကျေးရွာတွေက နေအိမ် ၁၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ သုံးလအတွင်း တနင်္သာရီတိုင်းအပါအဝင် နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးသူဦးရေ ၆၆၀,၀၀၀ ကျော် တိုးလာတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့