ကိဗ်၊ ဇန်နဝါရီ ၁၃

ရုရှားမှာ စစ်လက်နက်ပစ္စည်းတချို့ ပြတ်လပ်နေတာကြောင့် ယူကရိန်းအနေနဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်လိုက်ပါက ပူတင်အတွက် အမြတ်ထွက်သွားနိုင်တယ်လို့ သမ္မတ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။

အက်စတိုးနီးယားနိုင်ငံ တယ်လင်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်ခိုက်မှုတွေ ရပ်တန့်လိုက်ပါက လက်နက်ရရှိရေးအပိုင်းနဲ့ပတ်သက်ပြီး ယူကရိန်းအတွက် အကျိုးရှိမယ်ဆိုတဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး အခုလိုတုံ့ပြန်ခဲ့တာပါ။

ယူကရိန်း နယ်နိမိတ်ထဲက စစ်မြေပြင်မှာ တိုက်ခိုက်မှုတွေကို ရပ်တန့်လိုက်တာက စစ်ပွဲအတွက် ရပ်တန့်မှုမဟုတ်ဘဲ နိုင်ငံရေးအရ ဆွေးနွေးမှုဆီကိုလည်း ဦးတည်သွားမှာမဟုတ်ဘူးလို့ ဇီလန်စကီးက ပြောပါတယ်။

ရုရှားစစ်တပ်မှာ ဒရုန်းတွေနဲ့ လက်နက်ကြီးတွေ ပြတ်လပ်နေပြီး ဒုံးကျည်တွေလည်း ပြတ်လပ် နေတာကြောင့် ဒီအချိန်မှာ မိမိတို့ ဆက်လက်ထိုးစစ်ဆင်ဖို့လိုတယ်လို့ သူကပြောပါသေးတယ်။

လက်ရှိအချိန်မှာတော့ ရုရှားဟာ မြောက်ကိုရီးယားဆီက လက်နက်ကြီး ကျည်ခွံတွေလက်ခံရရှိ ထားပြီး အီရန်ဆီကတော့ တိုက်ခိုက်ရေးဒုံးကျည်တွေဝယ်ဖို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ် လို့ သိရပါတယ်။

ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ရုရှားဟာသူတို့ရဲ့လက်နက်တွေကို အသုံးပြုခဲ့ တာကြောင့် အခုချိန်မှာတော့ သူတို့ရဲ့လက်နက်သိုလှောင်ရုံတွေဟာ အခွံသက်သက်ပဲရှိတော့တာ လို့ ဇီလန်စကီးက ပြောပါတယ်။

အခုချိန်မှာတိုက်ခိုက်မှုတွေ ရပ်ထားလိုက်ပါက ယူကရိန်းအတွက် လက်နက်အင်အားဖြည့်တင်းဖို့ အချိန်ရလာမှာ မှန်ပေမယ့် ရုရှားလည်း လက်နက်စုဆောင်းဖို့ အချိန်ရရှိသွားမှာဖြစ်တာကြောင့် သူတို့ လက်နက်ပြတ်လပ်မှုတွေရှိနေချိန်မှာ တိုက်ခိုက်မှုတွေရပ်တန့်မှာ မဟုတ်ဘူးလို့ ဆိုထားပါ တယ်။

ဒါ့အပြင် အပစ်အခတ်ရပ်စဲဖို့ပြောဆိုချက်တွေကိုလည်း ပယ်ချထားပြီး အပစ်ရပ်လိုက်ပါက ရုရှားဟာ မိမိတို့ကို နင်းခြေသွားမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။

Ref:Yahoo news

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.