နေပြည်တော် ၊ ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ပူပူနွေးနွေး ခန့်အပ်ခံထားရတဲ့ အေလွန်ကီရို ကစ်တစ်ဟောင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အပစ်ရပ် ၅ ဖွဲ့နဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ နေပြည် တော်မှာ တွေ့ဆုံသွားမယ်လို့ PPST ကနေ သိရပါတယ်။
လာအိုနိုင်ငံကနေ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကို ပထမဦးဆုံးလာရောက်ပြီး အပစ်ရပ်ထိုးတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေနဲ့တွေ့ဖို့ တစ်ဖွဲ့ချင်းစီ ဖိတ်ကြားခဲ့တာလို့ ဆိုပါတယ်။
အပစ်ရပ်ထိုးအဖွဲ့တွေထဲမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ သွားရောက်မှာ ဖြစ်ပါတယ်။
ကျန်တဲ့ အပစ်ရပ်ထိုး EAO ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ကတော့ လက်ရှိ သူတို့ အခက်အခဲအရ သွားဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်နဲ့ အပစ်ရပ် ၅ ဖွဲ့ တွေ့ဆုံမှုမှာ ဘယ်ကိစ္စရပ်တွေကို ဆွေးနွေးမယ်၊ ဘယ်လိုအစီအစဉ်တွေ ရှိတယ်ဆိုတာ အတိအကျမသိရှိဘူးလို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုပါတယ်။
“အာဆီယံရဲ့ အလှည့်ကျကိုယ်စားလှယ်ကနေ ပထမဦးဆုံး ခရီးစဉ်လည်းဖြစ်တဲ့အတွက်ကြောင့်မို့ ခန့်မှန်းချက်အရကတော့ အရင်အင်ဒိုနီးရှားကနေလုပ်နေတဲ့ တွေ့ဆုံဆွေးနွေးဖို့ လုပ်ငန်းစဉ်တွေ အ ကောင်အထည်ဖော်တဲ့ လုပ်ငန်းတစ်ခုပဲ ကျွန်တော့်အနေနဲ့ သုံးသပ်မိတယ်။ သို့သော်လည်း ဒါကပရိုဖိုင်းအနေနဲ့သွားမယ့် တွေ့ဆုံမှုဖြစ်တဲ့အတွက် ဘာခေါင်းစဉ်တွေ ဆွေးနွေးကြမယ်၊ ဘယ်လိုအစီ အ စဉ်တွေရှိတယ်ဆိုတဲ့ အတိအကျကိုတော့ ကျွန်တော်လည်း မသိရှိပါဘူးခင်ဗျ”လို့ ဆိုပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း အ လှည့်ကျဥက္ကဌ လေးဆက်ပြောင်းလဲခဲ့ပြီး ပြီးခဲ့တဲ့ အင်ဒိုနီးရှားအလှည့်ကျဥက္ကဌ ဖြစ်လာချိန်မှာတော့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် နိုင်ငံရေးပါတီတွေနဲ့လည်း ဇန်နဝါရီ ၁၂ ရက်နေ့မှာ သီးခြားတွေ့ဆုံဖို့ ရှိနေတာပါ။
အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ လာအိုအစိုးရက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ ကုလသမဂ္ဂဆိုင်ရာ လာအိုသံအမတ်ကြီး ထမ်းဆောင်ခဲ့ဖူးသူ အေလွန်ကီရိုကို ရွေးချယ်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-AFP