မော်လမြိုင် ၊ ဇန်နဝါရီ ၁၁

စစ်ဆင်ရေးတွေမှာ အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီက လက်လွှတ်ခဲ့ရတဲ့ မြို့ရွာတွေမှာ လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လာနေတယ်လို့ မြေပြင်အချက်အ လက်တွေက ဖော်ပြနေပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှု သုံးနှစ်ပြည့်လုချိန်မှာ ကိုးကန့်ဒေသတစ်ခုလုံးအပါအဝင် ရှမ်းမြောက်၊ စစ်ကိုင်းနဲ့ ချင်းတို့မှာ မြို့ပေါင်း ၂၈ မြို့ထက်မနည်း၊ တပ်စခန်းပေါင်းရာချီ လက်လွှတ်ဆုံး ရှုံးခဲ့ရတာပါ။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်ရေးပစ်မှတ်နဲ့ တိုက်ပွဲအတွင်း ပစ်ခတ်တိုက်ခိုက်တာထက် အရပ်သားပစ်မှတ်၊ ရပ်ရွာတွေကို လာရောက်ပစ်ခတ်တိုက်ခိုက်တဲ့ အရေအတွက်က ပိုများနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီအခြေအနေမှာ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ် ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးတဲ့ ဖြစ်စဉ်တွေလည်း အများအပြား ရှိနေတာပါ။

ကိုးကန့်အဖွဲ့ MNDAA ရဲ့ ထုတ်ပြန်ချက်အရ ၁၀၂၇ စစ်ဆင်ရေး စတင်ဖော်ဆောင်ချိန်ကနေ ဇန်န ဝါရီ ၇ ရက်နေ့အထိ အထူးဒေသ ၁ နယ်မြေအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇၀ ကျော် သေဆုံးခဲ့ပြီး ၇၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ခါမ်းပါတ်မြို့ရှိ ကနန်ကျေးရွာမှာလည်း ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းမှာ ဘုရားကျောင်းဝတ်ပြုနေတဲ့ အရပ်သားတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဇန်နဝါရီ ၉ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်ကနေ ၁၇ နှစ်ကြား ကလေးသူငယ် ၉ ဦး အ ပါအဝင် စုစုပေါင်း အရပ်သား ၁၇ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၉ ဦး ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ကြိမ်ရေ ၅၈၀ ကျော် ကျူးလွန်ခဲ့ရာ သေဆုံးသူ အရပ်သား ၉၀၀ နီးပါး၊ ဘာသာရေးအ‌ဆောက်အအုံပေါင်း ၇၆ ခုနဲ့ စာသင်ကျောင်းပေါင်း ၅၂ ကျောင်း ပျက်စီးခဲ့ပြီးလို့ ဆိုပါတယ်။

နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးတွေမှာ ပိုမိုရှုံးနိမ့်လာတာနဲ့အမျှ စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာပြီး အာဆီယံဘုံသဘောတူညီချက်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ စတာတွေကို လုံးဝလေးစားလိုက်နာမှုမရှိဘူးလို့ NUG က ထောက်ပြပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ ကိုယ်စားလှယ်က တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့ မြို့ရွာတွေကို လက်နက်ဆန်းတွေသုံးပြီး လေကြောင်းနဲ့ အမြဲတမ်းဗုံးကြဲမယ်လို့ ခြိမ်းခြောက်ထားတာပါ။

CDM လေတပ် တပ်ကြပ်ကြီးဇေယျကတော့ မြို့ရွာတွေကို ထိန်းချုပ်ထားနိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ အဲဒီဒေသမှာရှိတဲ့ အရပ်သားတွေကို လေကြောင်းရန်အတွက် သတိ‌ပေးစနစ်တွေ ဘန်ကာတွေတည်ဆောက် ပေးထားရမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လေကြောင်းရန်ကာကွယ်ရေးအတွက် လေကြောင်းရန်သတိပေးတဲ့ Alarm Systems တွေကို လုပ်ရမယ်။ လေယာဉ်ဘယ်ကလာပြီဆိုရင် ဘယ်ဘက်ကို ဦးတည်ပြီဆိုရင် တစ်မြို့လုံးကို Alarm ပေးရမယ်။ ဘန်ကာတွေဆိုရင် အိမ်တိုင်းမတူးမနေရ တိုက်တွန်းပြောဆို စည်းရုံးရမယ်။ အဲဒီလို မရလို့ရှိရင် By Force နဲ့ အမိန့်ပေးပြီး မဖြစ်မနေလုပ်ရမယ်။ အများပြည်သူသွားတဲ့ နေရာတွေ၊ ဈေးတွေမှာ အဖွဲ့အစည်းတွေကနေ တာဝန်ယူပြီးတော့ ဗုံးကြဲချိန် ယာယီခိုလှုံဖို့ ဘန်ကာတွေကို တာဝန်ရှိသူတွေက တည်ဆောက်ပေးထားရမယ်။ ဒါကအခြေခံပေါ့ ”လို့ ဆိုပါတယ်။

ဒါ့အပြင် လေကြောင်းရန်ကာကွယ်ရေးအတွက် စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဗုံးကြဲမှုကို ခြိမ်း ခြောက်နိုင်တဲ့ လက်နက်ရှိရင် ပိုကောင်းမှာဖြစ်သလို အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဘန်ကာတွေ သတိ ပေးစနစ်တွေ မဖြစ်မနေလုပ်မှ ပြည်သူတွေကို ကာကွယ်နိုင်မယ်လို့ သူက ထောက်ပြပါတယ်။

ရှမ်းမြောက်အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့ TWO ပြောရေးဆိုခွင့်ရှိသူကလည်း ၁၀၂၇ စစ် ဆင်ရေးအတွင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ သိမ်းပိုက်ခံထားရတဲ့ မြို့ရွာတွေမှာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီကနေပြီးတော့မှ တိုင်းရင်းသားလက် နက်ကိုင်တွေ ထိန်းသိမ်းထားတဲ့ သူတို့ (စကစ) ရှုံးနိမ့်သွားတဲ့ မြို့နယ်တွေမှာလည်း ပြန်ပြီးမှ လေ ကြောင်းတိုက်ခိုက်မှုတွေက မကြာခဏ ပြုလုပ်တယ်။ အဓိက နမ္မတူတို့ နမ့်ဆန်ဘက်မှာဆိုရင် တိုက်ပွဲတွေမဖြစ်တော့ဘဲ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ အသုံး ပြုပြီး အရပ်သားတွေကို ဦးတည်ပြီး ပစ်ခတ်နေတဲ့ အပိုင်းတွေလည်းရှိတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အခြေစိုက်စခန်း‌တွေကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို မရောက်ဘဲ မြို့ရွာတွေထဲ ကျရောက်ပေါက်ကွဲတာရှိသလို အရပ်သားနေအိမ်တွေကိုထိပြီး ပေါက်ကွဲတာတွေလည်း အများအပြားရှိနေတယ်လို့ သူကပြောပါတယ်။

TWO ရဲ့ မှတ်တမ်းတွေအရ ၁၀၂၇ စစ်ဆင်ရေး ၂ လတာအတွင်း ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများပြည်သူနဲ့ဆိုင်တဲ့ အဆောက်အဦးပေါင်း ၄၆၀ ကျော် ပျက်စီးခဲ့ရတဲ့အပြင် အရပ်သား ၁၂၀ ကျော် သေဆုံးပြီး ၂၄၀ နီးပါး ထိခိုက်ဒဏ် ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

NUG ကတော့ သိမ်းပိုက်ထားတဲ့မြို့တွေမှာ လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်းတူးတာနဲ့ ကြိုတင်အသိပေးစနစ်ကို အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေက လမ်းညွှန်ပေးနေတာရှိတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ သံလွင်တိုင်းမ်ကို ဖြေ ကြားထားပါတယ်။

အလားတူ ချင်းပြည်နယ်မှာလည်းလေကြောင်းရန်အတွက် သတင်းဆက်သွယ်ရေးအပြင် ဒေသတွင်းရှိ အရပ်သားတွေကို လေကြောင်းရန်ကနေ ကာကွယ်နိုင်မယ့်နည်းလမ်းတွေ လုပ်သင့်လုပ်ထိုက်တာတွေကို အသိပေးထားတယ်လို့ CNF ပြောခွင့်ရ ဆလိုင်းထက်နီက သံလွင်တိုင်းမ်ကို ပြော ဆိုထားပါတယ်။

ကိုးကန့်ဒေသတစ်ခုလုံးကို သိမ်းပိုက်ထားတဲ့ MNDAA အနေနဲ့ ဒေသတွင်းရှိ အရပ်သားတွေကို လေကြောင်းရန်ကနေ အကာကွယ်ပေးနိုင်မယ့် အစီအမံတွေနဲ့ပတ်သက်ပြီး အဖွဲ့ရဲ့ပြောခွင့်ရ လီကျားဝင်းကို သံလွင်တိုင်းမ်က ဆက်သွယ်ပေမယ့် အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။

စစ်ရေးသုတေသီတချို့ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ သိမ်းပိုက်ထားတဲ့ မြို့ရွာတွေ ရေရှည်ထိန်းထားနိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေး စစ်လက်နက်တွေ လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.