ရေး၊ ဇန်နဝါရီ ၁၁

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားတွေ အလင်းဝင်ကြဖို့ တော်လှန်ရေးအင် အားစုအဖွဲ့တွေက ဇန်နဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းမှာ တိုက်တွန်းနှိုးဆော်စာ ဖြန့်ဝေတာတွေ လုပ် ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရေးမြို့ရဲ့ ကမ်းနားဈေးအပါအဝင် လူစည်းကားရာ နေရာတွေအပြင် အစင်နဲ့ကျောင်းရွာစံပြကျေး ရွာတွေဘက်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်သားတွေ အလင်းဝင်ကြဖို့ စာရွက်လိုက်ကပ်တာနဲ့ လိုက်လံဖြန့်ဝေတာတွေ လုပ်ဆောင်ခဲ့တာပါ။

အဲဒီတိုက်တွန်းစာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြန်ဆုံးအလင်းဝင်ကြဖို့၊ ပြည်သူဘက်တော်သားတွေနဲ့ လက်တွဲပူးပေါင်းကြဖို့၊ လက်နက်နဲ့အတူ အလင်းဝင်လာမယ့် စစ်သားတွေကို ဆုငွေချီးမြှင့်မယ့်အကြောင်း မွန်၊ မြန်မာနှစ်ဘာသာနဲ့ ဖြန့်ဝေခဲ့တာပါ။

အလင်းဝင်ကြဖို့ တိုက်တွန်းစာတွေ လိုက်လံဖြန့်ဝေပြီး နာရီပိုင်းအကြာမှာပဲ စစ်ကောင်စီတပ်၊ ရဲ တပ်ဖွဲ့နဲ့ အုပ် ချုပ်ရေးအဖွဲ့တွေက အသည်းအသန် လိုက်လံသိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

အလင်းဝင်ကြဖို့ တိုက်တွန်းစာတွေ လိုက်လံသိမ်းဆည်းစဉ် စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေ တချို့ကိုလည်း စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ရေးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ဒေါနစစ်ကြောင်း စစ်ဆင်ရေးမှူးက မကြာမီကာလအတွင်း စစ်ရေးအရှိန်မြှင့်တင်ဖို့ရှိတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြင်မှန်ရပြီး ပြည်သူနဲ့လာရောက်ပူး ပေါင်းစေချင်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ပြုတ်ကျရေး ပြည်သူ့တော်လှန်ရေးဟာ စနစ်ကိုဖြိုချနေတာ ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြန်ဆုံးလာရောက်ပူးပေါင်းကြဖို့ တိုက်တွန်းတာပါ။

ရေးမြို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်ဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားသလို ခံ စစ်အတွက် အခိုင်အမာပြင်ဆင်တာတွေ လုပ်ဆောင်ထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ရေးမြို့နယ်အပါအဝင် မွန်ပြည်နယ်တဝန်းမှာ စစ်ရေးအရှိန်မြှင့်သွားမယ်လို့ မွန်တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ဒေါနစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.