မြောက်ဦး၊ ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွားဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးခဲ့တဲ့အပြင် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့တယ်လို့ AA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့မှာ အင်အား ၅၀ ဝန်းကျင်ပါတဲ့ မြောက်ဦးအခြေစိုက် အမှတ်-၅၄၀ ခြေမြန်တပ်ရင်းနဲ့ ရက္ခိုင့်တပ်တော်တို့ဟာ သကျမာရ်အောင်ဘုရား အနီးမှာ နှစ်ဖက်ထိတွေ့ ဖြစ်ပွားခဲ့တာပါ။

မိနစ်အနည်းငယ်အကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနိုင်တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲမှာ အကျအဆုံးများပြီး အထိနာနေနဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မြောက်ဦးမြို့အတွင်းသို့ ဆုတ်ခွာ ထွက်ပြေးလာပြီး မြောက်ဦးမြို့ခံ ၃ ဦးကိုလည်း လူသားဒိုင်းအဖြစ် ခမရ-၅၄၀ တပ်ရင်းကို ဖမ်းဆီးခေါ် ဆောင်သွားကာ အပြစ်မဲ့ အရပ်သား ၃ ဦးလုံးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါအပြင် မနေ့က ညပိုင်းမှာလည်း ခမရ-၅၄၀ တပ်ရင်းမှ မြောက်ဦးမြို့အတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ၁ ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် အနေဖြင့် အပြစ်မဲ့ အရပ်သား ပြည်သူလူထုကို ဖမ်းဆီး သတ် ဖြတ်သွားပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်နေတဲ့ ခမရ-၅၄၀ တပ်ရင်းအား ပြတ် ပြတ်သားသား လက်စားချေ တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။

ပလက်ဝဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင်တဲ့ နယ်မြေဖြစ်လာနိုင်ရန်အ တွက် ပလက်ဝမြို့ အနီးအနားမှာ ကျန်ရှိနေတဲ့ လက်ကျန်စခန်းတွေကို ဆက် လက်ချေမှုန်း တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေပါတယ်။

မနေ့ကလည်း ပလက်ဝမြို့ အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွား‌နေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးနဲ့ ဂျက်တိုက်လေယာဉ်တွေဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်လျှက် ရှိ‌‌နေတယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော်ကလည်း လက်ကျန်တပ်စခန်း တွေကို အပြီးသတ် သိမ်းပိုက်ဖို့အတွက် ကြိုးပမ်းလျှက်ရှိတဲ့အပြင် ရန်သူ့အလောင်း အမြောက်အများနဲ့ လက် နက်ခဲယမ်းအမြောက်အများကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ပလက်ဝနဲ့ ကျောက်တော်အစပ်ရှိ စစ်ကောင်စီရဲ့ မီးဝဗျူဟာကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရန်အတွက် ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အပြင် စစ်ကောင်စီဘက်ကလည်း ဂျက်တိုက်လေယာဉ်ဖြင့် အကြိမ်များစွာ ဗုံး ကြဲတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ နဲ့ ၈ ရက်နေ့မှာလည်း မြောက်ဦးမြို့ရှိ သင်းကျစ်တော်တောင် စခန်းနဲ့ ကျောက်တော်မြို့နယ်ရှိ တောင်ရှည်တောင် ဗျူဟာစခန်းကုန်းကို ရက္ခိုင့်တပ်တော် (AA)က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA Info Desk

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.