ကော့ကရိတ်၊ ဇန်နဝါရီ ၁၁

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ KNLA PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နေအိမ်မီးလောင်ပျက်စီးတာနဲ့ အရပ်သားသေဆုံးမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

အချိန်တစ်လကျော်ကြာ ဖြစ်ပွားလာခဲ့တဲ့ ကော့ကရိတ်တိုက်ပွဲဟာ ဇန်နဝါရီ ၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား မြို့တွင်းတိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း ကော့ကရိတ်မြို့ ကမ်းနားတန်းလမ်းမှာ နေရပ်ပြန်ပြီး ပစ္စည်းပြန်လာယူတဲ့ ပြည်သူအချို့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့အတွက် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားတယ်လို့ ကော့ကရိတ်ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့ အမှတ် ၆ ရပ်ကွက်နေ ဒေသခံပြည်သူတစ်ဦးလည်း သေနတ်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ကောကရိတ်ဒေသခံတွေကနေ သိရပါတယ်။

ဒေသခံတွေနဲ့ လူမှုကူညီရေး လုပ်ဆောင်သူတွေကတော့ စစ်ရေးဖြစ်ပွားနေတဲ့ ကာလတွေထဲမှာ ကော့ကရိတ်မြို့ထဲကို ပြန်လည်ဝင်ရောက်တာတွေ မလုပ်ဆောင်ဖို့ အသိပေးထားပေမယ့် တချို့ဒေသခံတွေကတော့ နေရပ်ပြန်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ကော့ကရိတ်မြို့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ရပ်ကွက်တွေထဲကို ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်ပျက်စီးတာတွေ ရှိနေပြီး အရေအ တွက် အတိအကျမသိရသေးဘူးလို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ကော့ကရိတ်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ မြို့ပေါ်မှာ နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမပိုင်းမှာလည်း အသွားအလာတွေ ရပ်တန့်ခဲ့ရကာ သောင်းနဲ့ချီရှိတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.