ဝါရှင်တန်၊ ဇန်နဝါရီ ၁၀

အီရတ်အစိုးရက အမေရိကန်ဦးဆောင်တဲ့ စစ်ဘက်ဆိုင်ရာညွှန်ပေါင်းအဖွဲ့ကို ဖယ်ရှားဖို့ စတင်ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပေမယ့် အမေရိကန်ကတော့ သူတို့ရဲ့တပ်တွေကို ပြန်လည်ခေါ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အိုင်အက်စ်အဖွဲ့ကို ချေမှုန်းဖို့လုပ်ဆောင်နေတာဖြစ်တဲ့အတွက် တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာဖို့ မရှိသေးဘူးလို့ အမေရိကန်လေတပ်ဗိုလ်မှူးချုပ် ပက်ထရစ်ရိုကဒါက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အမေရိကန်စစ်သားတွေကို ဖယ်ရှားဖို့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အီရတ်ကာကွယ်ရေးဝန်ကြီးဌာနကို အသိပေးထားတာမရှိသေးသလို ကန်စစ်တပ်ဟာ အီရတ်အစိုးရရဲ့ ဖိတ်ခေါ်မှုကြောင့်သာ ရှိနေတာဖြစ်တယ်လို့ ဆိုထားတာပါ။

အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီဟီယာအယ်လဆူဒါနီ ရုံးက အမေရိကန်စစ်တပ်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ပြီးနောက် ဖယ်ရှားရေးစတင်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကြေညာ ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်သေဆုံးခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်ကပြောထားပြီး အဲဒီလက်နက်ကိုင်အဖွဲ့က အမေရိကန်တပ်ဖွဲ့ဝင်တွေကို မကြာသေးခင်က တိုက်ခိုက်မှုတွေပြုလုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်ဟာ သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကို အီရတ်မှာချထားသလို ဆီးရီးယားမှာလည်း တပ်ဖွဲ့ဝင် ၉၀၀ ကျော် နေရာယူထားတယ်လို့သိရပြီး ကန်တပ်ဖွဲ့ဝင်တွေဟာ အိုင်အက်စ်အဖွဲ့ ခေါင်းပြန်ထောင်မလာစေရေး ဒေသတွင်းတပ်ဖွဲ့တွေကို စစ်ရေးဆိုင်ရာအကြံပေးနေတာဖြစ်တယ်လို့ ပင်တဂွန်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကစတင်ဖြစ်ပွားခဲ့တဲ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲ စတင်ပြီးနောက်ပိုင်း အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ အကြိမ် ၁၀၀ ထက်မနည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ တပ်ဖွဲ့ဝင်တွေကိုပြန်လည်ခေါ်ဆောင်ရေး အီရတ် အစိုးရနဲ့ သံတမန်ရေးအရ ဆွေးနွေးမှုတွေ မလုပ်ရသေးဘူးလို့ ဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.