မော်လမြိုင်၊ ဇန်နဝါရီ ၇
အာဏာသိမ်းစစ်ကောင်စီဟာ ဖမ်းဆီးခံရတဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူတွေကို အခုနောက်ပိုင်း နိုင်ငံရေးပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူတာထက် နှစ်ရှည်ထောင်ကျခံရနိုင်တဲ့ အကြမ်းဖက်ပုဒ်မ တွေကိုသာ အသုံးပြုလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါ တယ်။
နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တင်အင်အားပြုန်းတီးမှုအပြင် အဖက်ဖက်က ယိုယွင်းပျက်စီးလာမှုနဲ့အတူ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အခုနောက်ပိုင်းကာလ အတွင်း နိုင်ငံရေးပုဒ်မလို့ လူသိများတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုမှု မရှိသလောက် နည်းပါးလာတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇူလိုင်လကနေ ဒီဇင်ဘာလအထိ ၆ လအတွင်း နိုင်ငံတဝန်းမှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ တွေအပါအဝင် ဒေသခံပြည်သူ ၆၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတာပါ။
ဖမ်းဆီးခံရသူတွေထဲမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေဖြစ်တဲ့ ၅၀(ည)အပါအဝင် ၅၂(က)တို့နဲ့ အမှုဖွင့်တရားစွဲခံရသူတွေ ၉၀ ရာခိုင်နှုန်းနီးပါးအထိ ရှိခဲ့ပြီး ပုဒ်မ ၅၀၅(က) ပါဝင်မှု ၁၀ ရာခိုင်နှုန်းလောက်သာ ရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ တရားစွဲဆိုမှုတွေဟာ ဆန့်ကျင်တော်လှန်နေတဲ့ပြည်သူတွေကို လက်စားချေတဲ့အနေနဲ့ ပုဒ်မ ၅၀၅(က) အစား အကြမ်းဖက်ပုဒ်မတွေကိုသာ အများဆုံး အသုံးပြုလာတာ စိစစ်တွေ့ရှိရတယ်လို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါ တယ်။
“ အရင်တုန်းကဆိုရင် အစောပိုင်းတွေမှာ ပုဒ်မ၅၀၅ နဲ့ဖမ်းတာများတယ်။ ဒီဘက်နောက်ပိုင်းတော့ ၅၀၅ နဲ့ ဖမ်းတာတော်တော်နည်းလာပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ဖမ်းတာ။ ဘာကြောင့်လဲဆိုရင် ရှင်းရှင်းလေးပါပဲ။ စစ်အုပ်စုက သူတို့ကိုဆန့်ကျင်တော်လှန်တဲ့သူ တော်တော်များများကို လက်စားချေတဲ့ပုံစံမျိုးနဲ့ လုပ်တယ်။ ၅၀၅ နဲ့ဆိုရင် ပြစ်ဒဏ်အကြီးကြီးချလို့မရဘူး။ အကြမ်းဖက်နဲ့ဆိုရင် ပြစ်ဒဏ်အကြီးကြီးတွေ ချလို့ရတယ်။ အိမ်ချိပ်ပိတ် တာ၊ ပိုင်ဆိုင်မှုသိမ်းဆည်းတာမျိုးတွေ သူတို့ဖက်လုပ်လို့ရတယ်ပေါ့နော်။ ဒါကြောင့်မို့ သူတို့က ဒီအကြမ်းဖက် တွေနဲ့စွဲတယ်။ တချို့ဆိုရင် ဒီအကြမ်းဖက်နဲ့ ဘာမှမဆိုင်ဘဲနဲ့ကို အမြင်ကပ်တဲ့ပုဒ်မနဲ့ကို အကြမ်းဖက်ပုဒ်မနဲ့ စွဲဆိုတာတွေ နေရာတော်တော်များများမှာ တွေ့လာရတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ လက်ရှိမှာတော့ ဒေသခံပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေး ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာ၊ တော်လှန်ရေးအင်အားစုတွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သဘေားထားမှတ်ချက် ဝင်ရောက်ရေးသားတာ၊ ပြန်လည်မျှဝေတာနဲ့ အကြမ်းဖက်ဥပဒေတွေနဲ့သာ တရားစွဲဆို တော့တာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က စွဲဆိုထားတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေအရ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၇ နှစ်ကနေ ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ကျခံရနိုင်သလို နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုပါ တပါ တည်း ချိပ်သိမ်းဆည်းတာတွေ လုပ်ဆောင်နေတာပါ။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုသိုက်ထွန်းဦး ကလည်း စစ်ရေးရှုံးနိမ့်လာတဲ့ စစ်ကောင်စီဟာ အခုနောက်ပိုင်းကာလအတွင်း ၅၀၅၀(က)အစား အကြမ်း ဖက်ဥပဒေ ပုဒ်မတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုနောက်ပိုင်းမှာတော့ ၅၀၅ ဆိုရင် ကိစ္စတစ်ခုခုရှိတိုင်း သူတို့လွတ်ပေးရတာမျိုးတော့ ရှိတယ်ပေါ့နော်။ ဘာ လို့လဲဆိုတော့ ဒီ၅၀၅တွေရှိခြင်းကလည်း စစ်ကောင်စီအတွက် နိုင်ငံရေးမှာ သူတို့ခုတုံးလုပ်လို့ ရတယ်ပေါ့။ သူတို့ဖိအားတွေ များတဲ့အချိန်ဆိုရင် ၅၀၅တွေကို ခေါင်းစဉ်တပ်ပြီးမှ တခြားအမှုတွေနဲ့ရောပြီး လွှတ်တာမျိုးတွေ သူတို့ လုပ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူတို့ရဲ့ဖိအားတွေက မလျော့သွားပဲနဲ့ အဖက်ဖက်မှာလည်း စစ်ရေးအရရော ပိတ်ဆို့လာတဲ့အခါ အရမ်းကိုမှခက်ခဲလာတဲ့ အခါမှာတော့ အရင်တုန်းကလိုမျိုး ၅၀၅ထက် စာရင် ဒီလူတွေပြန်ပြီး မလွတ်ဖို့အရေး အကြမ်းဖက်ပုဒ်မတွေအပါအဝင် ဒီမတရားပုဒ်မတွေနဲ့ အမိန့်ချတာ မျိုးတွေ လုပ်လာတယ်ပေါ့”လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ အခုလို လုပ်ဆောင်တာဟာ ပြည်သူတွေ စိုးရိမ်စိတ်ဝင်ပြီး နိုင်ငံရေးမှာ စိတ်ဝင်စာမှု နည်းအောင် လုပ်ဆောင်တာ ဖြစ်သလို တော်လှန်ရေးလုပ်ဆောင်သူတွေကို ပြည်သူတွေ အားပေးမှုနည်းပြီး စိတ်ကုန်သွားအောင် လုပ်ဆောင်တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဟာ နိုင်ငံရေးလုပ်ဆောင်သူတွေကို ၂၀၂၂ ခုနှစ်လောက်မှစတင်ကာ ထောင်ဒဏ်တသက်တစ် ကျွန်းအပြင် သေဒဏ်ပါ ချမှတ်နိုင်တဲ့ အကြမ်းဖက်ပုဒ်မတွေတပ်ပြီး တရားစွဲဆိုလာတာ ဖြစ်သလို ၂၀၂၃ ခုနှစ်မှာတော့ ပိုမိုဆိုးဝါးစွာ လုပ်ဆောင်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်နေသူ တွေက ဆိုကြပါတယ်။
ဒါ့အပြင် အခုနောက်ပိုင်းမှာလည်း စစ်ကောင်စီက နိုင်ငံရေးလုပ်ဆောင်သူတွေကို ပြစ်ဒဏ်ချမှတ်တဲ့နေရာမှာ အမြင့်ဆုံး ပြစ်ဒဏ်တွေကိုသာ ချမှတ်တော့တာကြောင့် ထောင်ဒဏ်တသက်တစ်ကျွန်း ကျခံနေရသူတွေအပြင် သေဒဏ် ကျခံရသူတွေပါ သိသိသာသာ များလာတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာဏာသိမ်း ကာလအတွင်း နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရသူ ၂၆၀၀၀ နီးပါး ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၅၈၀၀ ကျော်၊ ဆက်လက်ထိန်းသိမ်းခံထားရသူ ၂၀၀၀၀ နီးပါး ရှိတယ်လို့ ဇန်နဝါရီ ၄ ရက်နေ့ထုတ် အစီရင်ခံစာအရ သိရပါ တယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-AFP