ကျိုက်မရော၊ ဇန်နဝါရီ ၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ပနော့ကျေးရွာအနီးမှာ လိုင်စင်မဲ့ကားသွားသယ်တဲ့ CID ဒုရဲမှူးပါ ၂ ဦးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူထံကနေ စုံစမ်းသိရှိရပါတယ်။

အင်းစိန်မှုခင်းရဲတပ်ဖွဲ့ CID ဒုရဲမှူး ငြိမ်းချမ်းနဲ့ မုဒုံမြို့ရှိ ကားဝပ်ရှော့ဆရာတို့ ၂ ဦးကို ပြီးခဲ့တဲ့ ဒီဇင် ဘာ ၃၀ ရက်နေ့မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့စစ်ဆေးစဉ် ဖမ်းဆီးခံလိုက်ရတာပါ။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေရဲ့ အဆိုအရ CID ဒုရဲမှူး ငြိမ်းချမ်းဟာ မြဝတီကနေ လိုင်စင်မဲ့ကား သွားသယ်ပြီးအပြန်မှာ ဖမ်းဆီးစစ်ဆေးနေစဉ် ရဲတပ်ဖွဲ့ဝင်ဖြစ်ကြောင်း အထောက်အထားတွေ တွေ့ရှိခဲ့တဲ့အ တွက် ဖမ်းဆီးခံလိုက်ရတာလို့ သိရပါတယ်။

CID ဒုရဲမှူးငြိမ်းချမ်းအားဖမ်းဆီးမှုကို တော်လှန်အင်အားစုးပူးပေါင်းအဖွဲ့တွေက လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေမယ့် ဖမ်းဆီးမှုမှန်ကန်ကြောင်း သံလွင်တိုင်းမ်ကို အတည် ပြုပါတယ်။

ဒုရဲမှူးငြိမ်းချမ်းဟာ အရင်က မုဒုံမြို့မရဲစခန်းမှာ တာဝန်ကျဖူးသူတစ်ဦးဖြစ်သလို လက်ရှိမှာတော့ အင်းစိန် CID မှာ တာဝန်ကျနေကာ လိုင်စင်မဲ့ကားသယ်တဲ့လုပ်ငန်းကို မကြာခဏလုပ်တတ်သူဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ် လော်ဘီတယ်လီဂရမ်တွေမှာတော့ CID ဒုရဲမှူးငြိမ်းချမ်းဟာ ကျိုက်မရောမှာ တာဝန်ကျနေတဲ့ မိန်းမဖြစ်သူ ကျောင်းဆရာမထံပြန်လာစဉ် PDF တွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရတာလို့ ရေးသားဖော်ပြနေကြပါတယ်။

အာဏာသိမ်းကာလအတွင်း ထိုင်း-မြန်မာနယ်စပ် မြဝတီကနေတဆင့် လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကို မွန်ပြည်နယ်အပါအဝင် တခြားတိုင်းနဲ့ပြည်နယ်အသီးသီးထံ ပို့ဆောင်မှုတွေမှာ စစ်ကောင်စီတပ်ရဲ့ အရာရှိတွေပါ ပါဝင်ပတ်သက်တာတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.