ဒါကာ၊ ဇန်နဝါရီ ၃
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာရဲ့ နိုင်ငံရေးပြိုင်ဘက်အဖြတ် သတ်မှတ်ခံထားရတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ယွန်နာ့စ်ကို အလုပ်သမား ဥပဒေချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး ဒီလုပ်ရပ်ဟာ နိုင်ငံရေးအရ စေ့ဆော်မှုတွေပါဝင်နိုင်တယ်လို့ ယွန်နာ့စ်ရဲ့ ထောက်ခံသူတွေက ဆိုထားပါတယ်။
အသက် ၈၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယွန်နာ့စ်ဟာ အသေးစားဘဏ္ဍာရေး ဘဏ်လုပ်ငန်းကို ဦးဆောင်ပြီး လူသန်းပေါင်းများစွားကို ဆင်းရဲမွဲတေမှုက လွတ်မြောက်အောင်လုပ်ပေးခဲ့တဲ့ အတွက် ချီမွမ်းခံနေရသူဖြစ်ကာ ၂၀၀၆ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့တာပါ။
ဒါပေမယ့် သူဟာ ဆင်းရဲသားတွေကို ဂုတ်သွေးစုပ်နေသူဖြစ်တယ်လို့ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက စွပ်စွဲကာ ရန်ဘက်အဖြစ်သတ်မှတ်ထားတာဖြစ်သလို နှုတ်အားဖြင့် တိုက်ခိုက်မှုတွေလည်း မကြာခဏပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
ယွန်နာ့စ်တည်ထောင်ထားတဲ့ လုပ်ငန်းတွေထဲကတစ်ခုဖြစ်တဲ့ Grameen Telecom က လုပ်ဖော် ကိုင်ဘက်သုံးဦးနဲ့ ယွန်နာ့စ်တို့ကို အလုပ်သမား ဥပဒေချိုးဖောက်မှုနဲ့ တရားရုံးက ပြစ်ဒဏ်ချမှတ် ပြီးနောက် ချက်ချင်း အာမခံပေးခဲ့တယ်လို့ မြို့တော်ဒါကာအခြေစိုက် အလုပ်သမား တရားရုံးရဲ့ တရားသူကြီး ခူရှစ်အလမ်ခန်းက AFP ကိုပြောခဲ့ပါတယ်။
အဲဒီလုပ်ငန်းဟာ အလုပ်သမားတွေအတွက် ဖွံ့ဖြိုးရေး ရန်ပုံငွေဖန်တီးပေးဖို့ ပျက်ကွက်ခဲ့တာလို့ စွပ်စွဲခံထားရပေမယ့် သူတို့တွေကတော့ စွပ်စွဲချက်တွေကို ပယ်ချထားသလို ထောက်ခံသူတွေကလည်း တရားရုံးအပြင်ဘက်မှာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ယွန်နာ့စ်ဟာ အလုပ်သမားဥပဒေ ချိုးဖောက်မှု၊အကျင့်ပျက်ခြစားမှုတွေ အပါအဝင် စွဲချက် ၁၀၀ ကျော်နဲ့ ရင်ဆိုင်နေရပြီး သူမကျူးလွန်ထားတဲ့ ရာဇဝတ်မှုအတွက် ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်တယ်လို့ ကြားနာမှုအပြီးမှာ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
ဒါ့အပြင် သူတည်ထောင်ထားတဲ့ လူမှုစီးပွားရေးလုပ်ငန်း ၅၀ ကျော်ထဲက တစ်ခုဆီကမှ အကျိုး အမြတ်မရဘူးလို့ ပြီးခဲ့တဲ့လက အမှုတစ်ခုကြားနာ စစ်ဆေးချိန်မှာ သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။
အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာဟာ ယွန်နာ့စ်ကို နိုင်ငံရေးအရ အမုန်းထားလုပ်ဆောင်မှုတွေဖြစ် တယ်လို့ သူ့ရဲ့ရှေ့နေတစ်ဦးက ပြောထားပါတယ်။
Ref:CNA