ရေး – ဒီဇင်ဘာ ၃၀
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့လယ်ခေါင်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု အတွင်း အသက် ၃ နှစ်ခွဲအရွယ် မိန်ကလေးငယ်တစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လမိုင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၁၀၆) ခြေမြန်တပ်ရင်းကနေ ကင်းလှည့်ဖို့ ထွက်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦးပါ ရဲကားကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက လမိုင်းမြို့လယ်ခေါင် ရေကန်အနီး စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့အတွက် မော့ကနင် ကျေးရွာနေ အသက် ၃ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးဟာ သေနတ် ပေါင်ကျည်ထိမှန် ဒဏ်ရာရ အသီးသီးရရှိခဲ့ပါတယ်။
သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်ကို လမိုင်းတိုက်နယ်ဆေးရုံမှာ ခွဲစိတ်ကုသမှု ပြုလုပ်နေပြီး စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့တွေကိုတော့ စစ်တပ်ဘက်က လာရောက်ခေါ်ဆောင်သွား တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမိုင်းတိုက်နယ်ဆေးရုံ၊ မြို့အဝင်အထွက် နေရာတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ပိတ်ဆို့နေရယူထားပြီး လမ်းသွားလမ်းလာပြည်သူတချို့ ကိုလည်း စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။
လမိုင်းမြို့ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကတည်းက အမှတ်(၁၀၆) ခြေမြန်တပ်ရင်းထဲမှာ ပြောင်းရွှေ့နေထိုင်နေရပြီး ရံဖန်ရံခါ မြို့တွင်း ကင်းလှည့်တာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လမိုင်းမြို့လယ်ခေါင် ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လမိုင်းမြို့မှာတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေတွေကြောင့် တပ်တွင်း ပြောင်းရွှေ့နေထိုင်နေကြတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media