အမှန် / အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတုသတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ “မလေးရှားမှာ တရားမဝင်လုပ်သားတွေ ဖမ်းဆီးခံရတာကို NUG က သတင်းပေးလို့ အဖမ်းခံရတာ” ဆိုပြီး စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ သတင်းကို စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ မှိုင်းဝေ၊ ဟန်ငြိမ်းဉီး၊ MWD စတဲ့ အကြမ်းဖက်စစ်ကောင်စီလက် အောက်ခံ ရုပ်သံနဲ့ တယ်လီဂရမ်ချန်နယ်တွေက ဒီဇင်ဘာလ (၂၃ )ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ စစ်ကောင်စီအကောင့်တုတွေက လိမ်လည်ဖြန့်ချိနေတဲ့ သတင်းအမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်မှာတော့ မလေးရှားနိုင်ငံရဲ့ လူစည်ကားရာ မြို့လယ်ခေါင်နေရာတွေကို မလေးလဝက၊ စစ်တပ်၊ ရဲဝန်ထမ်းနဲ့ဋ္ဌာနဆိုင်ရာ အဖွဲ့စုံက မကြာခဏဆိုသလို ရှောင်တခင် စစ်ဆေးဖမ်းဆီးလေ့ရှိပြီး တရားမဝင်အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ဝင်ရောက်စစ်ဆေးလေ့ရှိတာ ဖြစ်ပါတယ်။

စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေသလို မဟုတ်ကြောင်း လွတ်လပ်သော သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ စိစစ်တွေ့ရှိရပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း မလေးရှားနိုင်ငံ၊ Kuala Lumpur မြို့ Kota Raya အနီးမှာ လဝက၊ စစ်တပ်၊ ရဲဝန်ထမ်းနဲ့ ဋ္ဌာနဆိုင်ရာ အဖွဲ့စုံက အထောက် အထားမဲ့ နိုင်ငံခြားသားအများစု အလုပ်လုပ်နေတဲ့နေရာတွေ၊ အသွားအလာများတဲ့ဈေးဆိုင်၊ ဆေးခန်း၊ ခရီးသွားအေးဂျင့်လုပ်ငန်းတွေရှိရာတွေမှာ အော်ပရာစီစစ်ဆင်ရေးနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ နီပေါ စတဲ့လူ ၅၀၀ ကျော် ဖမ်းဆီးခဲ့တယ်လို့ မလေးရှား လဝက-က သတင်းထုတ်ပြန်ချက်ကို VOAသတင်းဌာနနဲ့ DVB သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ အထောက်အထားမဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေတင်သာမက CDMတွေနဲ့ နိုငငံရေးတက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “မလေးရှားမှာ တရားမဝင်လုပ်သားတွေ ဖမ်းဆီးခံရတာကို NUG က သတင်းပေးလို့ အဖမ်းခံရတာ ” ဆိုတဲ့ သတင်းဓာတ်ပုံတွေဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.