မော်လမြိုင်၊ ဒီဇင်ဘာ ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းသွားလမ်းလာ ဒေသခံပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေကို ပစ်မှတ်ထား စစ်ဆေးနေပြီး ငွေကြေးအဆမတန် တောင်းခံတာတွေ ရှိနေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
လုံခြုံရေးတင်းကျပ်ထားတဲ့ မော်လမြိုင်မြို့ပေါ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာဒုတိယအပတ်ကစလို့ စစ်ကောင်စီရဲတပ်ဖွဲ့ တွေက မြို့ရဲ့ အဓိကကျတဲ့ နေရာတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ပိတ်ဆို့ရှာဖွေမှုတွေ တိုးမြှင့်ထားတာ ဖြစ်ပါ တယ်။
အဲဒီလို စစ်ဆေးရာမှာလည်း စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေဟာ အရင်က ကား၊ ဆိုင်ကယ်တွေကိုသာ စစ်ဆေး ရာမှ အခုနောက်ပိုင်း ဒေသခံပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်လာပါတယ်။
ဒေသခံပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးရာမှာ တော်လှန်ရေး လုပ်ဆောင်သူတွေနဲ့ စစ်ကောင်စီ လက်မခံတဲ့ သတင်းဌာနတွေမှာ Like ပေးတာ၊ မှတ်ချက်ပြု ရေးသားတာနဲ့ ပြန်လည် မျှဝေတာတွေ ရှိမရှိ စစ်ဆေးပြီး တစ်စုံတစ်ခု တွေ့ရှိပါက ငွေကျပ်သိန်းနဲ့ချီ တောင်းခံတာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောဆိုပါ တယ်။
တဖက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရင်က လုံခြုံရေး အကြောင်းပြချက်နဲ့ ကား၊ ဆိုင်ကယ်တွေရဲ့ ဘောက်တွေ စစ်ဆေးခဲ့ရာမှ နောက်ပိုင်း လုံခြုံရေးနဲ့ မဆိုင်တဲ့ ဆိုင်ကယ် လိုင်စင် စစ်ဆေးတာ၊ ယာဉ်မောင်း လိုင်စင် စစ်ဆေးတာတွေ အပြင် နံပါတ်ပြားနဲ့ မှန်ထောင်တွေက အစ စစ်ဆေးပြီး ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညပိုင်းအချိန် လုံခြုံရေးစစ်ဆေးတဲ့နေရာမှာလည်း တာဝန်ချိန်အတွင်း အရက်သေစာ သောက်စားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေသလို အမျိုးသမီးတွေကိုလည်း ထိကပါး ရိကပါး လိင် ပိုင်းဆိုင်ရာ စော်ကားတဲ့ စကားတွေကိုလည်း ပြောဆိုတာတွေ ရှိတယ်လို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဒေသခံတွေ ရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ ဒေါက်တာအောင်မြတ်ကျော်စိန်ထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အခုလအတွင်း စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အပါအဝင် ဝန်ကြီး များအိမ်ရာတွေကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့လာရောက်တိုက်ခိုက်ပြီးနောက် လုံခြုံ ရေး အထူးတင်းကျပ်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ