ပေါင်၊ ဒီဇင်ဘာ ၈

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ၁၂ ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာမှာ ပြုလုပ်သွားမယ်လို့ အခမ်းအနားကျင်းပရေးကော်မတီ မွန်လူငယ်ဆုံရပ်က အသိပေးထုတ်ပြန်ပါတယ်။

မွန်လူငယ်နေ့အခမ်းအနား ရည်ရွယ်ချက်မှာတော့ မွန်လူငယ်တိုင်း ပေါင်းစည်းညီညွတ်ပြီး ကဏ္ဍပေါင်းစုံမှာ ကမ္ဘာနဲ့ပခုံးချင်းယှဉ်နိုင်ဖို့နဲ့ မွန်လူငယ်တွေ မွန်မျိုးနွယ်ကို ဒေသတစ်ဝန်း ရေမြေပေါင်းစုံမှာ ထိန်သိမ်းစောင့်ရှောက်မြှင့်တင်ဖို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် မွန်လူငယ်အင်အားကို ခိုင်မာအောင်တည်ဆောက်ပြီး မွန်အမျိုးသားရေး၊ နိုင်ငံရေးနဲ့ ခေါင်း ဆောင်မှုတို့မှာလည်း အကျိုးပြုထမ်းဆောင်နိုင်ဖို့၊ မြို့နယ်ရှိလူငယ်အင်အား မြှင့်တင်ဖို့၊ အမြင်ချင်းဖလှယ်ဖို့နဲ့ အမျိုးသားရေးကို ချစ်ကြည်ရင်းနှီးစွာ စုပေါင်းခေါင်းဆောင်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အခမ်းအနားအစီအစဉ်အနေနဲ့ အထွေထွေကဏ္ဍမှာ ဘင်ခရာစစ်ကြောင်း၊ ဖျော်ဖြေရေး၊ မွန်စာပေပြိုင်ပွဲနဲ့ အမြင်ချင်းနှီးနှောဖလှယ်ပွဲတို့လည်း ရှိတယ်လို့ မွန်လူငယ်ဆုံရပ်ကနေ ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်တဲ့နှိုးဆော်စာမှာ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့နှစ် ၁၁ ကြိမ်မြောက် မွန်လူငယ်နေ့ အခမ်းအနားကိုတော့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ် မြေ၊ ထားဝယ်ခရိုင်၊ ဝယ်ဇင်းကျေးရွာမှာ ကျင်းပခဲ့ပြီး ရေးမြို့နယ်မှာရှိတဲ့ လက်နက်ကိုင်အချင်းချင်း မပစ်ခတ်ကြဖို့နဲ့ မွန်လူငယ်တွေရဲ့ လုံခြုံရေးကိုရှေးရှုပေးဖို့ မွန်လူငယ်ဆုံရပ်က တောင်းခံစာ ထုတ်ပြန်ခဲ့ပါသေးတယ်။

လက်ရှိမှာ မွန်ပြည်နယ်က သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ကျိုက်မရောမြို့နယ်တို့မှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဆက်ရှိနေပြီး ဒေသခံတွေ ထိခိုက်သေဆုံး ဒဏ်ရာရကြတာရှိသလို စစ်ဘေးရှောင် ထောင်နဲ့ချီ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ကျိုက်မရောမြို့နယ်က ချောင်းနှစ်ခွတိုက်ပွဲအပြီးမှာ အနီးအနားက မွန်ကျေးရွာတွေအတွင်း လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် မွန်လူထုတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.