မော်လမြိုင်၊ ဒီဇင်ဘာ ၈

မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အများစုမှာ ဆီပြတ်လပ်မှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတာကြောင့် နာရီနဲ့ချီတန်းစီစောင့်ဆိုင်းနေရသလို လုံးဝပြတ်လပ်မှုတွေအထိ ဖြစ်ပေါ်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

စက်သုံးဆီပြတ်လပ်မှုဟာ ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်နေ့မှာတော့ ဆိုးဆိုးဝါးဝါး ပြတ်တောက်လာတာ၊ လိုသလောက်ဝယ်ယူလို့မရတာတွေအပြင် အချိန်ကြာမြင့်စွာတန်းစီပြီး ဝယ်ယူရတဲ့ အခြေအနေတွေနဲ့ ကြုံနေရတာပါ။

စက်သုံးဆီဝယ်ယူတဲ့နေရာမှာလည်း စက်သုံးဆီဆိုင်တွေက မော်တော်ကားတစ်စီးကို အများဆုံး ကျပ် ၃၀၀၀၀ ဖိုး၊ မော်တော်ဆိုင်ကယ်တစ်စီးကို ကျပ် ၃၀၀၀ မှ ကျပ် ၅၀၀၀ ဖိုးလောက်သာ အကန့်အသတ်နဲ့ ရောင်းချပေးတော့တဲ့အတွက် ငွေကြေးရှိတောင် လိုသလောက်ဝယ်ယူလို့ မရတော့ပါဘူး။

ဒေသခံတစ်ဦးကတော့ လက်ရှိမှာ စက်သုံးဆီလိုသလောက် ဝယ်ယူလို့မရတဲ့အပြင် စက်သုံးဆီဆိုင်တွေရဲ့ ပြောတဲ့ဈေးနှုန်းအတိုင်း ပေးဝယ်နေရသလို အချိန်ကြာမြင့်စွာစောင့်ဆိုင်းပြီး ဝယ်ယူနေရတဲ့အတွက် အလုပ်လုပ်လို့ မရတော့ဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့တန်းစီပြီးတော့ စက်သုံးဆီတွေဝယ်ရသလို ဒီကြားထဲပြည်သူလူထုတွေ ခံနေရတာက ဆီဆိုင်က ပြောနေတဲ့ပါးစပ်ကပေါက်ဈေး။ သူတို့ကဆီဈေးကို သူတို့ပါးစပ်ကရှိတဲ့ဈေးအတိုင်း သူတို့ပြောတယ်။ တန်းစီတဲ့သူကလည်း ဆီဈေးများတာတွေ နည်းတာတွေ မကြည့်တော့ဘူး။ ဘယ်ဈေးပဲပေးရပေးရ သွားတန်းစီတယ်။ ဆီဆိုင်မှာအချိန်က နှစ်နာရီ၊ သုံးနာရီလောက်ကြာပြီးတော့ တန်းစီနေရတယ်။ တချို့လည်း တစ်နေကုန် ဘယ်အချိန်ရလို့ ရမှန်းမသိဘဲနဲ့ ငုတ်တုတ်ထိုင်စောင့်ပြီးတော့ တန်းစီနေတဲ့သူကလည်းရှိတယ်။ ပြောချင်တာက အခုကဘယ်သူမှ အလုပ်လုပ်လို့ မရတော့ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် တချို့စက်သုံးဆီဆိုင်တွေအနေနဲ့ ဈေးပိုပေးတဲ့သူတွေကို ရောင်းချပေးမှုများပြီး အဲဒီသူတွေက မှောင်ခိုရောင်းချမှုတွေ ရှိလာတဲ့အတွက် ဓာတ်ဆီ ၁ လီတာကို ကျပ် ၅၀၀၀ မှ ကျပ် ၆၀၀၀ ဝန်းကျင်ထိပေးကာ ပြန်လည်ဝယ်ယူနေရတယ်လို့ သူကဆက်ပြောပါတယ်။

စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးကတော့ စက်သုံးဆီပြတ်လပ်ရတာဟာ စစ်ကောင်စီရဲ့ ဆီထုတ်ပေးတဲ့ သီလဝါမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတာကြောင့်ဖြစ်သလို ဒေသခံတွေကလည်း စိုးရိမ်စိတ်နဲ့ ဝယ်ယူမှုများလာတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

“သီလဝါဆိပ်ကမ်းမှာကားတွေ တန်းစီရတာများတဲ့အခါဆီထုတ်ရတာ ကြာတယ်။ နှစ်ရက်လောက်နဲ့ ဆီကရောက်ရမယ့်ဟာ သုံးလေးရက်လောက်ဖြစ်သွားတော့ ဆီကဒီဘက်မှာပြတ်သွားနိုင်တာပေါ့လေ။ ဟိုမှာဆီထုတ်ရတာလည်း နည်းနည်းကြာတယ်။ နောက်ပြီးဆီကလည်း စိုးရိမ်ပြီးလိုက်ဝယ်နေကြတော့ သုံးရက်လောက်ရောင်းရမယ့်ဟာက တစ်ရက်နဲ့ကုန်သွားတာပေါ့။ အဲဒီလိုမျိုး ပုံစံမျိုး ဖြစ်နေတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စက်သုံးဆီနဲ့ပတ်သက်ပြီး စက်သုံးဆီတင်သွင်းရမယ့် လိုအပ်တဲ့ပမာဏကို တင်သွင်းဖို့အတွက် အသင့်ရှိသလို တင်သွင်းဖို့အတွက် ရောက်ရှိနေတဲ့ သင်္ဘောတွေလည်းရှိပြီးဖြစ်တယ်လို့ ဒီဇင်ဘာ (၆)ရက်နေ့က ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိ မူဝါဒ အပြောင်းအလဲကို ဆောင်ရွက်နေတဲ့အချိန် ဖြစ်တာကြောင့် ပို့ကုန်တင်ပို့တဲ့သူတွေက ပြန်ဝင်လာမယ့် ငွေတွေ၊ ပြည်ပလုပ်သားတွေဆီက ပြန်ဝင်လာမယ့်ငွေတွေနဲ့ တရားမဝင်ဟွန်ဒီလုပ်ငန်းတွေက ငွေတွေကိုရရှိဖို့ မက်လုံးပေးထားတယ်လို့ ဆိုပါတယ်။

အဲဒီလိုမက်လုံးရှိတဲ့အတွက် အဲဒီကငွေတွေ ပိုမိုဝင်ရောက်လာမှာ ဖြစ်သလို ပိုမိုဝင်ရောက်လာတာနဲ့အမျှ ဈေးကွက်လည်း သူ့အလိုလိုထိန်းညှိပြီးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ကြွေးကြော်ထားပေမယ့် ဒေါ်လာလိုအပ်ချက်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

လက်ရှိစက်သုံးဆီတွေကိုတော့ စစ်ကောင်စီက ဓာတ်ဆီအမျိုးအစား ၉၅ တစ်လီတာကို ကျပ် ၂၇၀၀ နီးပါး သတ်မှတ်ထားသလို ၉၂ တစ်လီတာကို ကျပ် ၂၆၀၀ ဝန်းကျင် သတ်မှတ် ထားပေမယ့် စက်သုံးဆီဆိုင်တွေမှာတော့ အဲဒီထက်ပိုကာ ဈေးတင်ရောင်းချမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်သုံးဆီ ပြတ်လပ်မှုတွေဟာ လက်ရှိဒီဇင်ဘာလအစမှ စတင်ကာ ရန်ကုန်မြို့အပါအဝင် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်အပြင် တခြားမြို့ကြီး တွေမှာလည်း ဆိုးဆိုးရွားရွား ကြုံတွေ့လာပြီး စစ်ကောင်စီကတော့ လက်ရှိအချိန်ထိ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာတော့ စက်သုံးဆီဟာ စစ်ကောင်စီအာဏာမသိမ်းခင် ပြီးခဲ့တဲ့အစိုးရလက်ထက်က ဓာတ်ဆီတစ်လီတာကို ကျပ် ၆၀၀ ဝန်းကျင်သာရှိခဲ့ရာမှ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၄ ဆကျော် မြင့်တက်လာသလို ဈေးနှုန်းမတည်ငြိမ်မှုတွေနဲ့ ပြတ်လပ်မှုတွေကလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.