မုန်း၊ ဒီဇင်ဘာ ၈

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်၊ မုန်းမြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူလူထု ခုနှစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အရေးပေါ်လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

KNU တပ်မဟာ ၃ နယ်မြေ မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ ခမရ ၅၅၉၊ ခမရ ၅၉၀၊ မုန်းမြို့မရဲ စခန်းနဲ့ တံတားထိပ်ဂိတ်စခန်းတို့ကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဒီဇင်ဘာ ၂ ရက်နေ့ ညပိုင်းအချိန်ကစပြီး စတင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေပိုင်းမှာ စခန်းတွေအားလုံးကို သိမ်းပိုက်ရရှိခဲ့တာပါ။

မုန်းမြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေတစ်ဆင့် တိုက်ပွဲဖြစ်ပွားမှုနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူလူထုနေထိုင်ရာ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ရေလဲကျေးရွာအတွင်းရှိ ဘုရားကျောင်း ၁ ကျောင်းနဲ့ နေအိမ် ၄ လုံးခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မုန်းမြို့ပေါ် ရပ်ကွက်တွေနဲ့ အနီးအနားရှိ ကျေးရွာပေါင်း ၉၅ ရွာက ပြည်သူလူထုဦးရေ ၆၈၄၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ KNU က ဆိုထားပါတယ်။

မုန်းမြို့ပေါ်အတွင်း နယ်မြေတည်ငြိမ်မှု မရှိသေးတဲ့အတွက် ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာထိခိုက်ပျက်စီးမှုတွေ၊ ပြည်သူထိခိုက်သေဆုံးမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုရဲ့ အချက်အလက်တွေကို အတိအကျကောက်ယူရရှိဖို့ ကြန့်ကြာလျက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူလူထုတွေကို ကရင်အမျိုးသားအစည်းအရုံး KNU က တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးနေပေမယ့် တစ်နေ့ထက်တစ်နေ့ များပြားလာတဲ့ စစ်ဘေးရှောင်ပြည်သူလူထုတွေအားလုံးအတွက် လုပ်ဆောင်ပေးနိုင်ဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ KNU က ဆိုပါတယ်။

ဒ့ါအပြင် စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းအတွက် အမိုးအကာ၊ စောင်နဲ့ ဆေးဝါးတို့ကို အရေးပေါ်လိုအပ်လျက်ရှိပြီး ကူညီလုပ်ဆောင် ပေးလိုသူတွေအနေနဲ့ မုန်းမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ၊ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီနဲ့ KNU သတင်းနဲ့ ပြန်ကြားရေး(ဗဟို)ထံကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မုန်းမြို့ပေါ်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဒုအရာခံဗိုလ်အဆင့်တွေ အပါအဝင် ၁၉ ဦး လက်နက်ချအညံ့ခံခဲ့ပြီး ဖမ်းဆီးရမိတဲ့ တပ်မိသားစုဝင် ၄၂ ဦးကိုလည်း စစ်သုံ့ပန်းဥပဒေတွေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးထားလျက်ရှိတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.