မော်လမြိုင်၊ ဒီဇင်ဘာ ၈

တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အရေးမလှရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ နိုင်ငံရေးနည်းနဲ့ဖြေရှင်းကြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြောလာတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဆက်ပြီး မိုက်တွင်းနက်နေမယ်ဆိုပါက မိုက်တွင်းနက်တဲ့ဒဏ်ကို ပြည်သူတွေသာ ခံစားရမှာဖြစ်တဲ့အတွက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့လိုတယ်လို့ စစ်ကောင်စီအစည်းအဝေးအတွင်း ပြောဆိုခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်းရေးနဲ့အတူ နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် မြို့ပေါင်း ၁၈ မြို့ထက်မနည်း လက်လွှတ်ထားရတဲ့အချိန်မှာ စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးစကား စပြောခဲ့တာပါ။

ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ဟာ အထွေထွေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် သူတို့နိုင်ငံရေးထွက်ပေါက်တစ်ခု ရလိုရငြားနဲ့ ပြောတဲ့ကိစ္စဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအောက်က သွားမယ့်ကိစ္စဖြစ်တဲ့အတွက် လက်ခံနိုင်စရာမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ဟာ အထွေထွေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် သူတို့ နိုင်ငံရေးထွက်ပေါက်တစ်ခု ရလိုရငြားနဲ့ ပြောတဲ့ကိစ္စလို့ပဲ ကျွန်တော် ရှုမြင်တယ်ဗျ။ ဒီနေရာမှာ တစ်ခုစဉ်းစာစရာရှိတာက သူက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ်ဆိုလို့ရှိရင် သူ့ရဲ့ Roadmap က ဘာလဲ၊ ဘယ်အပေါ်မှာ အခြေခံပြီးတော့ သူကဆွေးနွေးမှာလဲ။ အခုစစ်ကောင်စီက တောက်လျှောက်ပြောနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ NCA ကိုအခြေခံပြီး ဆွေးနွေးမယ်ဆိုတဲ့ကိစ္စကတော့ ဘယ်သူမှလက်ခံနိုင်စရာမရှိတဲ့ကိစ္စဖြစ်တယ်။ အလုပ်လည်းမဖြစ်တဲ့ ကိစ္စဖြစ်တယ်ဗျ”လို့ ဆိုပါတယ်။

ဒါ့အပြင် ၁၉၆၂ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အဆက်ဆက်က အာဏာသိမ်းပြီး တက်လာခဲ့တဲ့ အစိုးရအားလုံးရဲ့ လက်ထက်မှာ ဆွေးနွေးပွဲအားလုံး ဘာရလဒ်မှထွက်ပေါ်လာခဲ့တာ မရှိသလို မည်မည်ရရအောင်မြင်ခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲ မရှိခဲ့ဘူးလို့ သူကမှတ်ချက်ပြုပါတယ်။

စစ်ခေါင်းဆောင်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ “ဒိုတာဝန်အရေးသုံးပါး”နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ ရပ်တည်တယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုမှာ စစ်ကောင်စီအနေနဲ့ ပြည်သူတစ်ရပ်လုံးက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရမဟုတ်သလို လူထုကိုယ်စားပြု အစိုးရအဖွဲ့အစည်းတစ်ရပ်မဟုတ်တဲ့အတွက် ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ ဦးခိုင်သုခက တုံ့ပြန်ပါတယ်။

“ဒီအကြမ်းဖက်စစ်ကောင်စီအနေနဲ့က နိုင်ငံရေးအဖွဲ့အစည်းမဟုတ်ဘူး။ ပြောမယ်ဆိုလို့ရှိရင် ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလည်းမဟုတ်သလို ပြည်သူကိုကိုယ်စားပြုတဲ့အစိုးရတစ်ရပ်လည်း မဟုတ်ဘူး။ ဒါကြောင့်မို့သူဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့အတွက် Eligible ဖြစ်တဲ့အဖွဲ့အစည်းမဟုတ်ဘူး။ သူဟာအကြမ်းဖက်စစ်တပ်ပဲဖြစ်တယ်။ ဒါကြောင့်မို့ စစ်ကောင်စီဥက္ကဌပြောတဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ကိစ္စက ဘာမှဖြစ်လာမယ့်ကိစ္စမဟုတ်ဘူးလို့ ကျွန်တော်က ဒီလိုပဲရှုမြင်တယ်။ အဓိပ္ပာယ်လည်းမရှိဘူးဗျ” လို့ဆိုပါတယ်။

တဖက်မှာတော့ စစ်ခေါင်းဆောင်က ရခိုင်ပြည်နယ် မတည်ငြိမ်မှုဟာ ရက္ခိုင့်တပ်တော် AA ကြောင့်လို့ စွပ်စွဲထားပြီး ဦးခိုင်သုခကတော့ အခုလိုပြောဆိုမှုဟာ အရှက်မရှိဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်လို့ ဝေဖန်တာပါ။

ရက္ခိုင့်တပ်တော် AA ဟာ ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အတူ စစ်ကောင်စီတပ်အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီး စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက်သိမ်းပိုက်ထားပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၄ ရက်နေ့ကလည်း စစ်ကောင်စီအတွက် စစ်ရေးအရအရေးပါတဲ့ ချင်းပြည်နယ် ပလက်ဝမြို့ နယ်ရှိ ထရွန်အိုင်ဗျုဟာကုန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.