ယူအန်၊ ဒီဇင်ဘာ ၈

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဂါဇာစစ်ပွဲဟာ ကမ္ဘာလုံးဆိုင်ရာ ခြိမ်း ခြောက်မှုဖြစ်လာပြီလို့ လုံခြုံရေးကောင်စီမှာသတိပေးခဲ့ပြီး ရက်ပိုင်းအတွင်း အပစ်အခတ်ရပ်စဲဖို့ တွန်းအားပေးရန် ဒီဇင်ဘာ ၆ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်တို့ကြား ပဋိပက္ခမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ် ချက်ချင်းရပ်စဲရေး တောင်းဆိုတဲ့ ဂူတာရက်စ်ထံမှ ပေးစာအပေါ် ဆုံးဖြတ်ချက်မူကြမ်းကို ယူအေအီးက လုံခြုံရေးကောင်စီကို ပေးခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသဆိုင်ရာ ဂူတာရက်စ်ရဲ့ တောင်းဆိုချက်ကို ကောင်စီကို တင်ပြချိန် ယူအေအီးက ဒီဇင်ဘာ ၈ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ဖို့ ရည်ရွယ်ထားကြောင်း သံတမန်တွေက ပြောကြားခဲ့ပါတယ်။

အခုအချိန်လုံခြုံရေးကောင်စီမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ နောက်ထပ် အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာကို ထောက်ခံခြင်းမရှိကြောင်း ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် လက်ထောက်သံအမတ်ကြီး ရောဘတ်ဝုထ်က ပြောဆိုခဲ့ပါတယ်။

“ဒါပေမယ့် ဓားစာခံတွေ များများလွှတ်ပေးဖို့၊ ဂါဇာကမ်းမြောင်ကို အကူအညီတွေ ပိုမိုစီးဆင်းစေပြီး အရပ်သားတွေကို ပိုမိုကောင်းမွန်တဲ့ အကာအကွယ်ပေးဖို့ရည်ရွယ်တဲ့ ထိလွယ်ရှလွယ်ပြီး ခက်ခဲတဲ့ သံတမန်ရေးချဉ်း ကပ်မှုအပေါ် အာရုံစိုက်ထားဆဲဖြစ်ပါတယ်” လို့ ဝုတ်က ရိုက်တာသို့ ပြောခဲ့ပါတယ်။

အမေရိကန်နဲ့မဟာမိတ် အစ္စရေးတို့က အပစ်အခတ်ရပ်စဲရေးဟာ ဟားမတ်စ်အတွက်သာ အကျိုးရှိမှာဖြစ်တယ်လို့ ယုံကြည်တာကြောင့် ဆန့်ကျင်ခဲ့ကြပြီး အဲဒီအစား ဝါရှင်တန်က အရပ်သားတွေ ကာကွယ်ဖို့ အပစ်ခတ် ခေတ္တရပ်နား ထားခြင်းနဲ့ ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို လွှတ်ပေးရေးတို့အတွက် ထောက်ခံခဲ့ပါတယ်။

ယူအေအီးရဲ့ ဆုံးဖြတ်ချက်မူကြမ်းဟာ အာရပ်နဲ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ပံ့ပိုးကူညီမှုနဲ့ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါ့အပြင် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အခုသီတင်းပတ်အတွင်း အာရပ်ဝန်ကြီးတွေ ဝါရှင်တန်သို့ လာရောက်လည်ပတ်စဉ် အမေရိကန်အရာရှိတွေနဲ့ ဆွေးနွေးမှာဖြစ်ကြောင်း ပါလက်စတိုင်းရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ရီယတ်မန်ဆောက ပြောဆိုခဲ့ပါတယ်။

“တွေ့ဆုံမယ့် အစီအစဉ်ရဲ့ထိပ်ဆုံးမှာကတော့ ဒီစစ်ပွဲရပ်ကိုရပ်ရမယ်၊ အပစ်အခတ်ရပ်စဲရေး လုပ်ရမှာဖြစ်ပြီး ချက်ချင်းကြေညာဖို့ လိုပါတယ်” လို့ အာရပ် ကုလသမဂ္ဂသံတမန်တွေက အတူရပ်တည်ကာ သတင်းထောက် တွေကို ပြောဆိုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မက်သရူး မီလာကလည်း ဒီပဋိပက္ခဟာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ကြိုးပမ်းနေတဲ့ အရာတွေထဲက တစ်ခုက ဒီပဋိပက္ခ မပြန့်ပွားအောင် တားဆီးဖို့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်” လို့ သူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ လူပေါင်း ၁၂၀၀ သေဆုံးပြီး ၂၄၀ ကိုဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတာကြောင့် အစ္စရေးက ဂါဇာရှိ ဟားမတ်စ်များကို လက်တုံ့ပြန်ရန်ကိုသာ အာရုံစိုက်ထားပြီး ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခြင်းနဲ့ မြေပြင်မှ ချေမှုန်းရေးများကို လုပ်ဆောင်လျက်ရှိနေတာ ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရဲ့ လူဦးရေ ၂ ဒသမ ၃ သန်းမှာ အခုအချိန်အထိ လူပေါင်း ၁၆၀၁၅ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

ပဋိပက္ခကြောင့် ခံစားနေရတဲ့ အရပ်သားတွေကို ထိရောက်စွာ အကာအကွယ်ပေးခြင်း မရှိတဲ့အပြင် ဂါဇာမှာ မည်သည့်နေရာမှ မလုံခြုံကြောင်း ဂူတာရက်စ်က လုံခြုံရေးကောင်စီသို့ပေးပို့သောစာမှာ ပြောဆိုခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.