ထားဝယ်၊ ဒီဇင်ဘာ ၅

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇီးကျကျေးရွာအနီးမှာ အသစ်တည်ဆောက်နေတဲ့ ထားဝယ်ထောင်သစ်တည်ဆောက်ရေးလုပ်ငန်းခွင် မီးရှို့ဖျက်ဆီးခံလိုက်ရပြီး အလုပ်သမား ၆ ဦးလည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ထားဝယ်အကျဉ်းထောင်သစ်တည်ဆောက်ရေး လုပ်ငန်းခွင်ထဲကို လက်နက်ကိုင်တပ်ဖွဲ့ဝင် ၅၀ နီးပါး ရောက်ရှိလာပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တာပါ။

မီးရှို့ဖျက်ဆီးခံရတာကြောင့် အလုပ်သမားတွေနေထိုင်တဲ့ ယာယီအဆောင်နဲ့ဘတ်ဟိုးတစ်စီး မီးလောင်ပျက်စီးခဲ့ပြီး အလုပ်သမားခေါင်းဆောင်အပါအဝင် ၆ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ လက်နက်ကိုင်အဖွဲ့တွေဟာ အကျဉ်းထောင်သစ်တည်ဆောက်မှု ဆက်မလုပ်ဖို့ သတိပေးသွားသလို ကျန်ရှိတဲ့အလုပ်သမားတွေလည်း နေရပ်ပြန်ကြဖို့ ပြောဆိုသွားတယ်လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းရာမှာတော့ ဖြစ်စဉ်ဖြစ်ပွားတာ မှန်ကန်ကြောင်းနဲ့ သက်ဆိုင်ရာအဖွဲ့တွေက သတင်းထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ထားဝယ်အကျဉ်းထောင်သစ်လုပ်ငန်းခွင်အနီး ထင်းလာခုတ်တဲ့ ထားဝယ်အကျဉ်းထောင်ဝန်ထမ်း ၂ ဦးနဲ့ အကျဉ်းသား ၅ ဦးကို ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF အဖွဲ့က ဖမ်းဆီးပြီး ထောင်ဝန်ထမ်း ၂ ဦးကို ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထားဝယ်အကျဉ်းထောင်အသစ်ကို စစ်ကောင်စီက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရန်ပုံငွေ ကျပ်သိန်းပေါင်းတစ်သိန်းကျော် အသုံးပြုတည်ဆောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း ကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားပြည်သူ ၂၀၀၀ နီးပါး ဖမ်းဆီးခံထားရပြီး အများစုဟာ ထားဝယ်အကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.