ဂျေရုစလင်၊ အောက်တိုဘာ(၁၅) 

ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ အစ္စရေးဝန်ကြီးချုပ်က ကတိပြုထားတာ ကြောင့် ဂါဇာမြို့ ခံတွေကို စွန့်ခွာဖို့အမိန့်ပေးပြီး တစ်ရက်အကြာမှာပဲ ပါလက်စတိုင်းတောင် ဘက်မှာ သိသာတဲ့ လှုပ်ရှားမှုတွေ မြင်တွေ့ခဲ့ရတယ်လို့ အစ္စရေးစစ်တပ်က အောက်တိုဘာ ၁၄ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ 

အစ္စရေးဟာ လွန်ခဲ့တဲ့တစ်ပတ်က အံ့အားသင့်ဖွယ် ဟားမတ်စ်တို့ရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေး နိုင်ငံသား ၁၃၀၀ သေဆုံးခဲ့ပြီး အရပ်သားအများစု ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။ 

လက်တုံ့ပြန်တဲ့အနေနဲ့ ပါလက်စတိုင်း ၂ ဒသမ ၃ သန်းနေထိုင်ရာလည်းဖြစ် ဟားမတ်စ် တွေလှုပ်ရှားနေတဲ့ ဂါဇာ ကမ်းမြောင်ဒေသကို အစ္စရေးက ပိတ်ဆို့ဝိုင်းရံထားကာ မကြုံစဖူး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ 

ဒီဖြစ်ရပ်ကြောင့် ဂါဇာအာဏာပိုင်တွေက လူပေါင်း ၁၉၀၀ သေဆုံးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပိတ်မိနေတဲ့ ပါလက်စတိုင်းတို့ဟာ လျှပ်စစ်မီးပြတ် တောက်မှုတွေနဲ့ အစာရေစာ ပြတ်တောက်မှုတွေ ကြုံတွေ့နေရပြီး ဂါဇာရဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ပတ်သက်ပြီး ဒေသဆိုင်ရာအစိုးရ တွေနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ဂါဇာမြောက်ပိုင်းမှ နေထိုင်သူ လူဦးရေတစ်သန်းကျော် ၂၄ နာရီအတွင်း တောင် ဘက်သို့ ပြောင်းရွှေ့ဖို့ အစ္စရေးထံမှ သတိပေးချက်ရရှိခဲ့ကြပါတယ်။ 

“တောင်ဘက်ဆီကိုသွားနေတဲ့ ပါလက်စတိုင်း အရပ်သားတွေရဲ့ သိသာတဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်” လို့ အစ္စရေးစစ်ဘက်ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး ဂျိုနသန်ကွန်ရီကပ်က ဒီကနေ့အစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။ 

သောင်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေဟာ အစ္စရေးအမိန့်ပေးပြီးနောက် ဂါဇာမြောက်ပိုင်းကနေ တောင်ဘက်ကို ဦးတည်ထွက်ခွာနေတယ်လို့ခန့်မှန်းရပြီး ပါလက်စတိုင်း ၄ သိန်းကျော်ဟာ ညွှန်ကြားချက်မထုတ်ခင်က ပစ်ခတ်မှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ 

ဟားမတ်စ်ကတော့ နောက်ဆုံးသွေးတစ်စက်အထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားကာ နေထိုင်သူတွေကိုလည်း ဆက်လက်နေထိုင်ဖို့ ပြောဆိုခဲ့ပါတယ်။ 

လူအများအပြား ထွက်ပြေးတိမ်းရှောင်လာပါက ဘေးဥပဒ်အန္တရာယ်ကျရောက်နိုင်ကြောင်း ကုလသမဂ္ဂနဲ့ အခြား အဖွဲ့အစည်းတွေက သတိပေးထားပြီး အကူအညီများရရှိဖို့အတွက် ဝိုင်းရံထားမှုတွေကို ရုတ်သိမ်းသင့်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.