မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်း ကျေးရွာတိုက်ပွဲတွင် KNU/PDF အယောက် ၅၀ ကျော် သေဆုံးပြီး စစ်တပ်ဘက်မှ အကျအဆုံးမရှိ” ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Kyaw Swar အကောင့်ပိုင်ရှင်က အောက်တိုဘာလ ၃ရက်နေ့က ဖေ့ဘုတ်လူမှုကွန်ရက်၊ တယ်လီဂရမ်ချန်နယ်တွေနဲ့ Tiktok တွေမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်မှာတော့ ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတွင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက ဒေသခံရွာသားတွေကို PDFတွေလို စွပ်စွဲပြီး သတ်ဖြတ်သွားကာ PDFတွေကျဆုံးသယောင် ဖြန့်ဝေနေတာကို လွတ်လတ်သောသတင်းဌာနတွေ ရဲ့ ဖော်ပြချက်အရ စိစစ်တွေ့ရှိရပါတယ်။

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး PDFတွေ တပ်ပြန်ဆုတ်သွားတဲ့အချိန် ရွာအတွင်းဝင်ရောက်ကာ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၅၀ ကျော်အရွယ် ဦးဖိုးထူး၊ အသက် ၄၀ ကျော် အရွယ်များဖြစ်သော ဦးမင်းမင်း၊ ဦးကြီး အပါ အဝင်လေးဉီးကို သတ်ဖြတ်ကာ PDFတွေကျဆုံးသယောင် စစ်တပ်ထောက်ခံသူတွေက လူမှုကွန်ရက်တွေမှာ ဖြန့်နေတာဖြစ်ပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအနီးတွင် PDFတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား စက်တင်ဘာလ ၃၀ ရက်မှစတင်ကာ တိုက်ပွဲပြင်းထန်နေပြီး အောက်တိုဘာ လ ၁ ရက်မှ ၃ရက်နေ့အထိ အကြမ်းဖက် စစ်ကောင်စီအရာရှိ ၁ဦးအပါအဝင် ၁၅ ဦးခန့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ဒဏ်ရာရရှိကြောင်း Royal Peacock Column ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်း ကျေးရွာတိုက်ပွဲတွင် KNU/PDF အယောက် ၅၀ ကျော် သေဆုံးပြီး စစ်တပ်ဘက်မှ အကျအဆုံးမရှိဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.