ဆိုးလ်၊ စက်တင်ဘာ(၂၄)

လက်နက်ရောင်းဝယ်ရေးအပါအဝင် မြောက်ကိုရီးယားနဲ့ ရုရှားတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုအပေါ် အမေရိကန်၊တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံတို့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

မြောက်ကိုရီးယားနဲ့ရုရှား စစ်ရေးပူးပေါင်းမှုအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပက်ဂျင်နဲ့ ဂျပန်နိုင်ငံခြား ရေးဝန်ကြီး ယိုကိုကာမီကာဝါတို့ဟာ စက်တင်ဘာ ၂၂ ရက်နေ့မှာ ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်နေတဲ့ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်မယ့် လုပ်ဆောင်မှုမှန်သမျှ မြဲမြံစွာတုံ့ပြန်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က ရုရှားသို့ တစ်ပတ်အကြာ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်သွားမယ့် အစီအစဉ်တွေ ဆွေးနွေထားတာ ဖြစ်ပါတယ်။

အဲဒီတွေဆုံမှုမှာ ယူကရိန်းစစ်ပွဲအတွက် လျော့နည်းသွားတဲ့ လက်နက်၊ခဲယမ်းမီးကျောက်တွေကို ပြန်လည်ဖြည့်တင်းဖို့ ရုရှားက မြောက်ကိုရီးယားထံမှ ရယူဖို့သဘောတူခဲ့တာပါ။

ဒီလိုသဘောတူလိုက်ပြီးတဲ့နောက်မှာတော့ အမေရိကန်နဲ့ တောင်ကိုရီးယား အာဏာပိုင်တွေဟာ အဲဒီကိစ္စရပ်ကို ထိပ်သီးဆွေးနွေးပွဲမှာ တင်ပြလာတာ ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲအတွက် ရုရှားကို မြောက်ကိုရီးယားက လက်နက်အစီအစဉ်တွေ တိုးမြှင့်ကူညီပေးခဲ့မယ်ဆိုရင်တော့ စစ်ရေးအရ တိုက်ရိုက်ရန်စမှု တစ်ခုဖြစ်လာသလို တောင်ကိုရီးယားနဲ့မဟာမိတ်တွေက ဒီကိစ္စရပ်အတွက် လက်ခံမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုက ဗုဒ္ဓဟူးနေ့မှာ ပြောကြားထားပါတယ်။

Ref: Reuters/kg

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.