မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ကလေးမြို့ ပြည်တော်သာ ကျေးရွာက ဒိုဒိတ်ဟွဲ ရောဂါနဲ့သေဆုံး “ ဆိုပြီး တပ်လော်ဘီတွေ ဖြန့်ချိနေတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စက်တင်ဘာ၅ရက်နေ့က ရန်ကြီးအောင်၊ Han Nyein Oo စတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းမှားတစ်ခုသာ ဖြစ်တာကို စိစစ်တွေ့ရှိပါတယ်။

ဖြစ်စဉ်အမှန်မှာတော့ စစ်ကောင်စီအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံထဲက အမျိုးသမီးငယ်လေးက စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ပြည်တော်သာရွာခံ အသက် ၃၁ အရွယ် မဒိုဒိတ်ဟွဲဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်လိုက်တာကြောင့် ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးသွားတာဖြစ်တယ်လို့ စိစစ်တွေ့ရှိရပါတယ်။

မဒိုဒိတ်ဟွဲဟာ ဩဂုတ်လ ၂၇ ရက်နေ့က သူငယ်ချင်းတစ်ဦးနဲ့အတူ ပြည်တော်သာကနေ ကလေးမြို့အသွားလမ်းမှာပဲ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်တာခံခဲ့ရတာပါ။

သူမရဲ့ နားထဲကနေသွေးထွက်ပြီး ဒဏ်ရာတွေနဲ့ အိမ်ပြန်ရောက်လာခဲ့ပြီးနောက်ပိုင်း ဆက်တိုက်နေမကောင်းဖြစ်နေကာ မန္တလေးမြို့ကို ဆေးကုသဖို့အသွား စက်တင်ဘာလ ၅ ရက်နေ့မှာ သေဆုံးသွားတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို ဖြေကြားထားတာကို စိစစ်တွေ့ရှိရပါတယ်။

မဒိုဒိတ်ဟွဲရဲ့ ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံအိတ်တွေကိုပါ စစ်ကောင်တပ်သားတွေက အဓမ္မလုယူ သိမ်းသွားတာ ခံခဲ့ရတယ်လို့ ကိုယ်တိုင်တွေ့ခဲ့သူတွေက ပြောပြထားတာကိုလည်း စိစစ်တွေ့ရှိရပါတယ်။

RFAသတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/dkuHU

Zalenသတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/evxT9

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ကလေးမြို့ ပြည်တော်သာ ကျေးရွာက ဒိုဒိတ်ဟွဲ ရောဂါနဲ့သေဆုံး ” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.