အုတ်ဖို – ဩဂုတ်(၃၁)

ပဲခူးတိုင်း၊သယာဝတီခရိုင် အုတ်ဖိုမြို့နယ် အေးမြသာယာမြို့သစ်မှာ အရပ်ဝတ်နဲ့သွားလာနေတဲ့ စစ်ကောင်စီတပ် ဗိုလ်ကြီးတင်မျိုးအောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပဲခူး PDF ကသတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဩဂုတ်လ(၃၁) ရက်နေ့ မနက်ပိုင်းက အရပ်ဝတ်နဲ့ ဆိုင်ကယ်မောင်းနှင်လာတဲ့ စစ်ကောင်စီ ဗိုလ်ကြီး တင်မျိုးအောင်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊တပ်ခွဲ-၄(မြေအောက်ပျောက်ကြားတပ်ဖွဲ့-အုတ်ဖို) ကပစ်ခတ်ရှင်းလင်းခဲ့တာပါ။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီဗိုလ်ကြီး တင်မျိုးအောင်ဟာ နေရာမှာသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဗိုလ်ကြီး တင်မျိုးအောင်ဆီက MA-3 သေနတ်(၁)လက်၊ဖုန်း(၁)လုံး၊ပိုက်ဆံအိတ်(၁) လုံး၊ မှတ်ပုံတင်နဲ့ ပြန်တမ်းဝင်ကတ်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ပဲခူး PDF ကအသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Bago PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.