ဘီးလင်း၊ သြဂုတ်(၃၁)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တိုရဲ့ နှစ်ဖက်ပစ်ခတ်မှုအတွင်း လူနာတင်ယာဉ်တစ်စီး ကြားညှပ်ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၂၉ ရက်နေ့က ကျိုက်ထိုဘက်နေ သထုံဘက်ကို မောင်းနှင်းလာတဲ့ ကား ၅ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း တောင်တန်းမေတ္တာ လူမှုကူညီရေးအသင်းကား ကြားညှပ်ပစ် ခတ်ခံရတာကြောင့် ကားပေါ်ပါလာတဲ့ အသက် ၄၅ နှစ်အရွယ် လူနာဒေါ်ရွှေစင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

သေနတ်ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့တဲ့ လူနာဒေါ်ရွှေစင်ကိုတော့ သထုံခရိုင်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကားတစ်စီးမှာလည်း နောက်ဘီးပွင့်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက် ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်သွားတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ကလည်း ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာ၊ သံဖြူဇရပ်-ရေးလမ်းပိုင်းမှာ ခရီးသည်ကားတစ်စီး ပစ်ခတ်ခံရတာကြောင့် ခရီးသည် ၂ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.