လက်နက်အားကိုးနဲ့ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပြီး အရေးပေါ်ကာလကို နောက်ထပ် ၆ လ သက် တမ်းထပ်တိုးခဲ့တာပါ။

အရေးပေါ်ကာလသက်တမ်းတိုးမှုဟာ တိုင်းပြည်မတည်ငြိမ်တာအပြင် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို တည်ငြိမ်အောင်လုပ်ဖို့ သက်တမ်းတိုးရတာလို့ စစ်ကောင်စီက အကြောင်းပြထားပါတယ်။

စစ်ကောင်စီရဲ့ အရေးပေါ်ကာလသက်တမ်းထပ်တိုးမှုအပေါ် NUG က ဘယ်လိုတုံ့ပြန်လိုက်လဲ။ လာမယ့် ၆ လအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်နဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး စစ်ကောင်စီက သာမန်မဟုတ်တဲ့ အခြေအနေနဲ့ အရေးပေါ်ကာလ သက်တမ်းထပ်တိုးမှုအပေါ် ဘယ်လိုမြင်ပါသလဲ။ ဒီအပေါ်မှာ ဘာတွေများ တုန့်ပြန်ချင်တာရှိမလဲ။

ရှေ့မှာလည်း ဒီလိုပြောပြီး ခြောက်လတိုးခဲ့တာရှိတယ်။ တော်လှန်ရေးကို နှိမ်နှင်းမယ်။ တော်လှန်ရေးအင်အားစုတွေကို ချေမှုန်းမယ်ဆိုပြီးပြောခဲ့ပြီး ခြောက်လတိုးနိုင်မယ်လို့ ပြောခဲ့ပေမယ့် ဘာမှမလုပ်နိုင်ခဲ့ဘူး။ တော်လှန် ရေးအင်အားစုတွေကို ချေမှုန်းနိုင်ခြင်းလည်းမရှိဘူး။ ချင်းမှာရော၊ ကရင်နီမှာရော၊ စစ်ကိုင်း၊ မကွေး၊ ကချင် ၊ကရင်ပြည်နယ်စသဖြင့် တစ်နိုင်ငံလုံးမှာရှိတဲ့ နေရာစုံမှာ အကြမ်းဖက်စစ်အုပ်စုက ဘယ်လောက်ပဲ ထိုးစစ်ဆင် ဆင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ နောက်PDFတွေကို ဘယ်လိုမှ မယှဉ်နိုင်ပဲ ပြီးခဲ့တဲ့ သက်တမ်း တိုးတာလည်း ကုန်ဆုံးသွားခဲ့တယ်။ ပြောရရင် မင်းအောင်လှိုင်ရဲ့ပထမ၆လ အထိမ်းအမှတ်ကတော့ ဘာမှဖြစ်မ လာဘူး။ ရှေ့၆လထပ်တိုးတယ် ဆိုတာလည်း အဓိကကတော့ သူ့ရဲ့အာဏာတည်မြဲရေးအတွက် ဒါလုပ်တယ် လို့ပဲ ကျွန်တော်တို့က နားလည်တယ်။

၂။ စစ်ခေါင်းဆောင်က လာမယ့် ၆ လအတွင်း တိုင်းပြည်တည်ငြိမ်အောင် လုပ်သွားမယ်လို့ ပြောတယ်၊ ဒီအပေါ်မှာ ဘာပြောချင်တာ ရှိမလဲ။

နောက်ထပ်ခြောက်လမှာလည်း ဘာမှသူထိထိရောက်ရောက် လုပ်နိုင်မယ်မထင်ဘူး။ တော်လှန်ရေးအနေ နဲ့လည်း တရိပ်ရိပ်နဲ့ ပြောင်းလဲတိုးတက်နေတာတွေ ရှိတဲ့အတွက်ကြောင့် မင်းအောင်လှိုင် အနေနဲ့က နောက်ထပ်ခြောက်လသက်တမ်းတိုးလည်း ဘာမှထူးထူးထွေထွေ လုပ်နိုင်မယ်လို့ မယူဆပါဘူး။ ၃။ နောက်ဆုံးအနေနဲ့ လာမယ့် ၆ လအတွင်း စစ်ကောင်စီက ဘာတွေ ထပ်မံလုပ်ဆောင်လာနိုင်လဲ။ အကြမ်းဖက်စစ်တပ်ရဲ့ထုံးစံအတိုင်း အခုလက်ရှိလည်းပဲ ဒါအရပ်သားပြည်သူတွေကို ပစ်မှတ်ထားဗုံးကြဲတာ တွေ၊ ရွာတွေကိုမီးရှို့တာတွေ၊ အကြမ်းဖက်တာတွေ ဒါတွေကတောက်လျှောက်လုပ်နေတဲ့ အနေအထားပေါ့။ ဒါသူတို့ရဲ့ထုံးစံအတိုင်း ရှေ့လျှောက်ဒီလိုမျိုး ပြည်သူလူထုအပေါ်မှာ ရက်စက်မှုတွေ ကြမ်းကြုတ်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ မတရားမှုတွေ ဒါတွေကတော့ လျော့သွားဖို့မရှိပဲနဲ့ ဆက်လက်ပြီး ရှိနေမယ်လို့လည်း နားလည်ပါ တယ်။ တဖက်ကကြည့်ရင် နောက်တစ်မျိုးဖြစ်နိုင်တာတော့ လက်ရှိအဖက်ဖက်ကနေ ဖိအားပေးနေတဲ့ တော်လှန်ရေးအခြေအနေကြောင့် ထွက်ပေါက်ရှာတဲ့ အခြေအနေမျိုးတွေလည်း ဖန်တီးနိုင်တာတွေ ရှိနိုင်ပါတယ်။ ကျွန်တော်တို့ နားလည်တာကတော့ မီးစတဖက်၊ ရေမှုတ်တဖက်ပါပဲ။ ငြိမ်းချမ်းရေးစကားကို ပါးစပ်ကပြောနေပြီး တဖက်မှာလည်း ပြည်သူလူထုကို သတ်ဖြတ်မှုတွေလည်း ရပ်တန့်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.