ရန်ကုန် – ဇူလိုင်(၂၉)

စစ်အာဏာရှင်တစ်စုက တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ပြီး အဓမ္မအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ချန်လှပ်ထားလို့မရတဲ့ အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ NLD ပါတီကပြောပါတယ်။

ဒီနေ့ ဇူလိုင်လ(၂၉) ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီရဲ့ ကြားကာလ ဒုတိယအကြိမ် အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။

အစည်းအဝေးမှာ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးကို ဖြစ်နိုင်သလောက် နည်းလမ်းတွေနဲ့ ကြိုးပမ်းဆောင်ရွက်ဖို့နဲ့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရာမှာ တိုင်းရင်းသားတွေနဲ့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကာ အတူတကွပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းရင်းသားရေးရာ ကော်မတီကို အင်အားတိုးချဲ့ဖွဲ့စည်းဖို့စတဲ့ အချက်တွေအပါအဝင် ဆုံးဖြတ်ချက်(၇) ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

NLD ဒုတိယဗဟိုကော်မတီရဲ့ ကြားကာလဒုတိယအကြိမ် အစည်းအဝေးကို သဘာပတိအဖွဲ့ဝင် (၁) ဦး၊ ဗဟိုကော်မတီဝင်(၄၄)ဦး၊ အရံဗဟိုကော်မတီဝင်(၁၀) ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အလုပ်အမှုဆောင်(၂၀))ဦးအပြင် ဗဟိုရေးရာကော်မတီတွေက (၁၈) ဦးနဲ့ စုစုပေါင်း (၉၂) ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ NLD သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်ကော်မတီအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ဗဟိုကော်မတီဝင်တွေ ဗဟိုရေးရာကော်မတီတွေက လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာတွေ အကြံပြုစာတမ်းတွေ တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗဟိုအလုပ်ကော်မတီရဲ့ လုပ်ငန်းအစီရင်ခံစာကို အတည်ပြုပြီး တင်သွင်းလာတဲ့ အကြံပြုချက်တွေ အားလုံးကိုလဲ ဒုတိယဗဟိုကော်မတီ ဒုတိယအကြိမ်အစည်းအဝေးမှာ မှတ်တမ်းတင်ထားရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Getty Image

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.