ဘုတ်ပြင်း၊ ဇူလိုင်(၆)
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ချောင်းမွန်ကျေးရွာအနီးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ်(ပကဖ) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ ညနေပိုင်းမှာ ဘုတ်ပြင်းမြို့ထဲကနေ လေညာမဏ္ဍိုင်ဘက်ကို အိမ်စီးကား၂ စီးနဲ့ ကင်းလှည့်လာတဲ့ တပ်အင်အား ၂၀ ကျော်ပါ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု အချိန်တစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တာ ဖြစ်ပါတယ်။
ဘုတ်ပြင်းမြို့နယ်(ပကဖ) ရဲ့ အချက်အလက်တွေအရ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ ဘုတ်ပြင်းအခြေစိုက် စစ်ကောင်စီ ခမရ ၅၉၉ တပ်ရင်း တပ်ဖွဲ့ဝင် ၃ ဦး၊ ခမရ ၅၆၀ က တပ်ဖွဲ့ဝင် ၁ ဦးနဲ့ခလရ ၂၂၄ တပ်ရင်းက တပ်ဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခြုံခိုတိုက်ခိုက်ခံရပေမယ့် ဇူလိုင် ၅ ရက်နေ့အထိ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာမရှိဘဲ စစ်ရေးအခြေအနေ ငြိမ်သက်နေတယ်လို့ ဘုတ်ပြင်းမြို့နယ်(ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၈ ရက်နေ့ကလည်းဘုတ်ပြင်းမြို့နယ်၊ ဘန်ဂလားကျေးရွာအနီးရှိ လေညာ-ဘန်ဂလားတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- ဘုတ်ပြင်းမြို့နယ် ပကဖ