ဘီးလင်း – ဇူလိုင်(၂)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက နေရာ(၃) နေရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ယာဉ်တန်းတွေကို တိုက်ခိုက်မှုမှာ (၇) ဦးသေဆုံးပြီး (၁၁)ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ KNU သထုံခရိုင် တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၃၀) ရက်နေ့ မနက်ပိုင်းက ကျိုက်ထိုဘက်ကနေ ဘီးလင်းကိုလာတဲ့ စစ်ကား (၅) စီးပါ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ဘီးလင်းသံတံတားဂိတ်နဲ့ တိုးဂိတ်ဟောင်းက စစ်တပ်စစ်ဆေးရေးဂိတ်တွေကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီယာဉ်တန်းကို ကားမိုင်ဆွဲခဲ့ချိန်မှာ ကား(၁)စီးထိခိုက်မိခဲ့ပြီး (၇) ဦးသေဆုံးကာ (၇) ဦး ထိခိုက်ခဲ့ပေမယ့် ဒရုန်းနဲ့ ဗုံးချမှုမှာတော့ ထိခိုက်သေဆုံးတာ မသိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မွန်ပြည်နယ်ဘီးလင်းနဲ့ သထုံမြို့နယ်တွေကို KNLA၊PDF ပူးပေါင်းအဖွဲ့က တိုက်ပွဲဖော်ဆောင်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်လုပ်ဆောင်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၂၉) ရက်နေ့ မနက်အစောပိုင်းကလည်း ဘီးလင်းနဲ့ သထုံအစပ် ကျုံအိတ်တံတားကို KNLA၊PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးထားပြီး ပျက်စီးသွားတဲ့တံတားကို လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ထပ်မံတိုက်ခိုက်ခဲ့တဲ့အတွက် (၃)ဦး သေဆုံးပြီး သထုံတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်ဟိန်းအပါအဝင် (၂၆)ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.