မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ကရင်နီပြည်၊ မယ်စဲ့မြို့မရဲစ ခန်းကို KNPP/PDFအဖွဲ့များ ဝင်ရောက်စီးနင်း သိမ်းယူနိုင်မှုမရှိ”ဆိုတဲ့ ဓာတ်ပုံတစ်ပုံနှင့် အတူ စစ်တပ်ထောက်ခံသူတွေ ဖြန့်ချိအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို KYAW SWAR ၊ ဟန်ငြိမ်းဉီး စတဲ့တယ်လီဂရမ်အကောင့်ကနေ ဇွန် လ( ၁၃ )ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။

စစ်ကောင်စီဘက်က ဖြန့်ဝေနေတဲ့ အကြောင်းအရာ အပြည့်အစုံကတော့ “စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များ၏လက်ရုံးရည် နှလုံးရည်ကြောင့် မယ်စဲ့မြို့နယ်၊ မြို့မရဲစခန်း ကျဆုံးမှု မရှိပါ။ ရဲစခန်းလေးတောင် မသိမ်းနိုင်ပဲ၊ နိုင်ပြီ နိုင်ပြီအော်” ဆိုတဲ့ အရေးသားတွေနဲ့အတူ ဓာတ်ပုံနဲ့ပါ ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ကာ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ ဇွန်လ၁၃ရက်နေ့က ကရင်နီ(ကယား)ပြည်နယ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီခံစစ်စခန်း သုံးခု၊ မြို့မရဲစခန်းတို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက တစ်ပြိုင်တည်းဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မယ်စဲ့မြို့မရဲစခန်းမှူးအပါအဝင် စစ်ကောင်စီဘက်မှ အများအပြားသေဆုံးမှုရှိခဲ့တယ်လို့ယုံကြည်ရသော သတင်းဌာနများနဲ့ ကရင်နီတပ်မတော် (KA) ၏ သတင်းထုတ်ပြန်ချက်အရ စိစစ်တွေ့ရှိရပါတယ်။

ဇွန်၁၃ရက်၊ နံနက် ၅ နာရီမှ ၁၀ နာရီခန့်အထိ စခန်းသိမ်းတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မယ်စဲ့မြို့မရဲစခန်းတွင် မြို့နယ်ရဲမှူး သေဆုံးခဲ့တဲ့အပြင် စခန်း ၃ ခုမှ စုစုပေါင်း မောင်းပြန်သေနတ် ၄၀ ခန့် နဲ့ တောင်လှစခန်းတွင် ၁၂၀ မမ လက်နက်ကြီး နှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီတပ်မတော် (KA) ၏ စစ်ရေးသတင်းများကို ထုတ်ပြန်နေတဲ့ KMIC ပြောရေး ဆိုခွင့်ရှိသူ ခူးညေးရယ်ရဲ့ ပြောကြားချက်ကို Myanmar nowသတင်းဌာနက ရေးသားဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက အဆိုပါစစ်ကောင်စီစခန်းတွေကို အမှန်တကယ် ဝင််ရောက်စီးနင်းနိုင်ခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့သောနေရာများကို နံနက် ၁၀ နာရီခန့်မှ နောက်တစ်နေ့ နံနက် ၁ နာရီခန့်အတွင်း စစ်ကောင်စီ လေတပ်က ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရဲဘော်များ အထိအခိုက်နည်းစေရန် လက်နက်များသိမ်းယူပြီး ပြန်လည်ဆုတ်ခွာခဲ့တာလို့လည်း စိစစ်တွေ့ရှိရပါတယ်။

“သိမ်းပြီးတော့ ပြန်ဆုတ်တာ။ ကျွန်တော်တို့က သိမ်းပြီးနေလို့မရဘူး။ လေယာဉ်လာတယ်လေ။ ကျွန်တော်တို့ကလည်း ပထဝီမြေအနေအထားအရ ကိုယ့်လူအထိအခိုက်နည်းဖို့က တက်သိမ်းပြီးရင်ရှိတဲ့ပစ္စည်းယူပြီး ဆုတ်တာပဲ” လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်ရဲ့ ပြောကြားချက်ကို Myanmar nowသတင်းဌာနက ရေးသားဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ စခန်းတွေကတော့ မယ်စဲ့မြို့နယ် သံလွင်မြစ်အရှေ့ဘက်ကမ်း တောင်လှကျေးရွာအနီးရှိ တောင်လှစခန်း၊ မယ်လနွယ်စခန်းနှင့် BP 14 (မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်ခြားမှတ်တိုင်အမှတ် ၁၄) ရှိ စခန်းကုန်းတို့ ဖြစ်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC) က သတင်းထုတ်ပြန်ချက်ကို RFAနဲ့ Myanmar nowသတင်းဌာနက ရေးသားဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

MYANMAR NOW သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/gpqsU

RFA သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/vCW69

Mizzima သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/frvJX

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “မယ်စဲ့မြို့နယ်၊ မြို့မရဲစခန်း ကို KNPP/PDFအဖွဲ့များ ဝင်ရောက်စီးနင်း သိမ်းယူနိုင်မှု မရှိခဲ့” ဟု ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.