ရေး၊ မေ(၃၁)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် ၂ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြလာပါတယ်။

မေ ၃၀ ရက်နေ့ မနက် ၉ နာရီအချိန်က ရေးမြို့ ၊စ.က.ခ(၁၉) ရှိ ဆင်ဖြူရှင်ခန်းမမှာ ပြစ်မှုကျူးလွန်ထားတာမရှိဘဲ အလင်းဝင်ရောက်လာတဲ့ PDF ရဲဘော် ၂ ဦးကို ဆုကြေးငွေထောက်ပံ့တာနဲ့ မိဘတွေဆီပြန်လည် အပ်နှံခြင်းအခမ်းအနား ကျင်းပခဲ့တာဖြစ်တယ်လို့ ဖော်ပြထားတာပါ။

အခမ်းအနားကို ဒု စ.က.စမှူး၊ တပ်နယ်တပ်ရင်းမှ အဖွဲ့ဝင်တွေ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတွေ၊ အ လင်းဝင်လာတဲ့ PDF ၂ ဦးနဲ့ သူတို့ရဲ့မိဘတွေအပါအဝင် စုစုပေါင်း ၃၅ ဦးတက်ရောက်ခဲ့ပြီး အလင်း ဝင်လာသူတွေရဲ့ လက်နက်တွေကိုလက်ခံပြီး ဆုကြေးငွေပြန်လည်ပေးအပ်ကာ သူတို့ရဲ့ မိဘတွေဆီ ပြန်လည်အပ်နှံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရာမညပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီဘက်က ဝါဒဖြန့်လာတဲ့ PDF ၂ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထဲ ဝင်ဖူးသူတွေမဟုတ်ဘဲ လွတ်မြောက်နယ်မြေက ခြံထဲတွေမှာ ကြုံရာကျပန်းအလုပ်လုပ်ကိုင်သူတွေဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

သူတို့ ၂ ဦးဟာ နာမည်ပြောင်အရ ဘိုဖြူနဲ့ငကြွက်ဆိုသူဖြစ်ပြီး ထားဝယ်နဲ့ ရေးမြို့နယ်နေသူတွေဖြစ်ကာ လွတ်မြောက်နယ်မြေမှာလာနေတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တချို့နဲ့ ပြောဆိုတာ ဆက်ဆံတာလောက်ပဲရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီလူငယ် ၂ ဦးဟာ လွတ်မြောက်နေရာတစ်ခုကနေ ၅ ရက်လောက် ပျောက်သွားပြီးနောက် စစ်ကောင်စီထံ အလင်းဝင်တယ်ဆိုတဲ့ပုံစံနဲ့ သတင်းပြန်ထွက်လာဖြစ်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ရေးမြို့မြို့နယ် တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ နယ်မြေတစ်ခုဖြစ်ပြီး စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာထားတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.