စစ်တွေ၊ မေ (၃၀)

မိုခါမုန်တိုင်းဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်ရှိ အခြေခံပညာကျောင်းတွေကို ကျောင်းဖွင့်ရာသီ ဖြစ်တဲ့ ဇွန်လပထမပတ်အတွင်း အချိန်မီတစ်ပြိုင်နက်တည်း ဖွင့်လှစ်နိုင်မှာမဟုတ်ဘဲ အုပ်စုခွဲကာ အသုတ် လိုက်သာဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီပညာရေးဌာနကနေ ပြောကြားလိုက်ပါတယ်။

တစ်နိုင်ငံလုံးရှိအခြေခံပညာကျောင်းတွေကို ဇွန်လ(၁)ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ပေမယ့် မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ်ရှိကျောင်းတွေကိုတော့ ရာနှုန်းပြည့်မဖွင့်လှစ်နိုင်သေးပဲ ဇွန်လအတွင်းမှာ အုပ်စုလိုက်ခွဲကာ ကျောင်းတွေဖွင့်သွားမယ်လို့ စစ်ကောင်စီပညာရေးဌာနက မေလ (၂၉)ရက်နေ့မှာ ပြောဆိုထားတာပါ။

မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်မြောက်ပိုင်းမှာရှိတဲ့ ကျောင်းအများစုပျက်ဆီးသွားခဲ့ရသလို ပြန်လည်ပြင် ဆင်နိုင်ဖို့အတွက်လည်း လူမှု ကယ်ဆယ်ရေးအကူအညီတွေရောက်ရှိဖို့ ခက်ခဲနေတာကြောင့်အခုလို အုပ်စုခွဲကာ ဖွင့်လှစ်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာမြို့နယ်(၁၇)မြို့နယ်ရှိပြီး အခြေခံပညာအထက်တန်းအဆင့် ( ၄၈၇) ကျောင်း၊ အလယ်တန်းအဆင့် (အလက၊အလက(ခွဲ)၊မူလွန်) (၁၁၇၁) ကျောင်းနဲ့ မူလတန်းအဆင့် ( ၁၅၃၅)ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်း (၃၁၉၃) ကျောင်းရှိနေတာပြီး ဇွန်လ (၁)ရက်နေ့မှာဖွင့်လှစ်နိုင်မယ့်ကျောင်းနဲ့ ဇွန်လတတိယအပတ်လောက်မှာ ဖွင့်လှစ်နိုင်မယ့် ကျောင်းဆိုပြီးအုပ်စုနှစ်စုခွဲကာဖွင့်လှစ်သွားမယ်လို့ သိရပါ တယ်။

စစ်ကောင်စီကတော့ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ ကျောင်းတွေကို ပြန်လည်ပြင်ဆင်ရတဲ့ စရိတ် ပမာဏကြီးမားပြီး လက်ရှိအချိန်ထိ( ၆၀) ရာခိုင်နှုန်းခန့်ပဲ ပြင်ဆင်နိုင်သေးတယ်လို့ ဆိုပါတယ်။

ရခိုင်မြောက်ပိုင်းဒေသခံတွေကတော့ မုန်တိုင်းဘေးဒဏ်သင့်ခဲ့ရတာကို အခုအချိန်ထိ ကိုယ်ထူကိုယ်ထသာ ပြန်လည်ပြင်ဆင်နေရတာကြောင့် ကျောင်းတွေပြန်ဖွင့်ခဲ့ရင်လည်း မြို့ပေါ်ရှိကျောင်းတွေသာ လွယ်ကူပြီး ကျေးလက်ဒေသဘက်မှာတော့ ခက်ခဲနေဦးမယ်လို့ ပြောဆိုနေကြပါတယ်။

“ သံတွဲနဲ့ တခြားမြို့တွေမှာတော့ ကျောင်းအပ်လက်ခံနေတာပဲ။ အဓိကကတော့ မိုခါမုန်တိုင်း ဝင်သွားတဲ့ မြောက်ပိုင်းမှာ ကျောင်းတွေဖွင့်ဖို့မပြောနဲ့ ဆရာမတွေတောင် ကျောင်းသွားဖို့ခက်နေတာ။ မြောက်ပိုင်းမှာ ဟိုးအတွင်းပိုင်းက ရွာတွေမှာဆိုရင်တော့ ဖွင့်ဖို့ကတော်တော်ခက်နေပါဦးမယ်။ မိုခါထိခဲ့တဲ့နေရာက ကျောင်းတွေတော့ ဘယ်သူမှလက်မခံနိုင်သေးဘူး။ မြို့ပေါ်ကျောင်းတွေလောက်ပဲ အရင်လက်ခံလို့ရမှာပေါ့။ ရွာက ကျောင်းတွေကတော့ စာသင်ဖို့မလွယ်ဘူး။ ချောင်းတွေ ရေလျှံခဲ့တယ်။ နုန်းတွေတင်ကျန်ခဲ့တယ်။ အဲဒီနုန်းတွေ ဆေးချရတာတွေ၊ မိုးတွင်းမှာ ရေကြီးရေလျှံလို့ ကျောင်းတက်ဖို့မလွယ်တာတွေရှိနေဦးမှာ”လို့ စစ်တွေမြို့ခံ တစ်ဦးက ပြောပါတယ်။

အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေကို မေလ( ၂၃) ရက်နေ့က စတင် လက်ခံနေပြီဖြစ်ပြီး မေလ(၂၅)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃) သိန်းကျော် (၁၃၄၃၀၃၇)ဦး လာရောက် ကျောင်းအပ်နှံခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်မှုအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.