ထားဝယ် – မေ(၃၁)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ဘုမ္မော်ရပ်ကွက် စောမိညိုလမ်းဆုံမှာ ခွေးစာသွားကျွေးချိန် ကင်း ပုန်းဝပ်နေတဲ့ စစ်ကောင်စီ ဘက်က ပစ်သတ်လိုက်တဲ့ အမျိုးသား(၂) ဦးကို ဇွန်လ(၁) ရက်နေ့ မှာ မီးသင်္ဂြိုလ်မှာ ဖြစ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မေလ(၃၀) ရက်နေ့ ည(၉)နာရီကျော်မှာ ဇရစ်ရပ်ကွက်နေ ကိုဟိန်းဇော်အောင်(၃၇) နှစ်နဲ့ ကိုအောင်အောင်တို့ သူငယ်ချင်းနှစ်ဦးဆိုင်ကယ်နဲ့ခွေးစာကျွေးဖို့ သွားချိန်မှာ ပစ်သတ်ခံလိုက်ရ တာပါ။

ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသား(၂)ဦးမှာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ဆိုင်ကယ်ကိုတော့ စစ်ကောင်စီဘက်က မီးရှို့သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“သူတို့က ညတိုင်းလိုလို စောမိညိုလမ်း အဲနားဘုန်းကြီးကျောင်းနားက ခွေးတွေကို အစာကျွေးသွား လေ့ရှိတာ။ မနေ့ညက သူတို့သွားချိန် ပစ်ခံရပြီး သေသွားတယ်။ အလောင်းကို စကစ ဘက်က ယူ သွားပြီး ဒီမနက်မှ မိသားစုတွေက ဆေးရုံကနေ အလောင်းကို အိမ်ပြန်ယူလာရတာ”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြည်သူ(၂)ဦးပစ်ခတ်သတ်ဖြတ်ခံရတဲ့ ညမှာ ဘုမ္မော်ရပ်ကွက်အတွင်း ပစ်ခတ်ခံတွေ အချက်(၁၀၀) နီးပါး ကြားခဲ့ရပြီး ပေါက်ကွဲသံတွေလည်း ကြားခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ(၂) ရက်နေ့လည်း ထားဝယ်မြို့နယ် ဇဟာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ အဖွဲ့က ကဒွန်ရှောင်ကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကလေး(၃) ဦး ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.