မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် ရေစကြိုသွားလမ်းမအနီး၊ ရှင်မတောင်မုခ်ပေါက်၌ PDF အဖွဲ့များသည် ခရီးသည်ယာဉ်များကို ယာဉ်စစ်ဆောင်ရွက်ပြီး ကျား/မ ၅ဦးကို မျက်နှာ အဝတ်စည်း၍ ဖမ်းဆီးသွားသည်ဆိုပြီး PDF အဖွဲ့ဝင်တွေ ကားကို စစ်ဆေး”ဆိုပြီး ဓာတ်ပုံတစ်ပုံနှင့်အတူ ဖြန့်ချိနေတဲ့အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို Kyaw Win Maung ၊ဟန်ငြိမ်းဦးစတဲ့ တယ်လီဂရမ်အကောင့်ကနေ မေလ(၂၁ )ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။
တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်အမှန်ကတော့ စစ်တပ်ထောက်ခံသူများ ဖြန့်ဝေနေတဲ့ ဓာတ်ပုံတွေသည် လက်ရှိ ရိုက် ကူးထားတဲ့ ဓာတ်ပုံတွေ မဟုတ်ဘဲ ၂၀၂၂ဧပြီလ၂၃ရက်က ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယာဥ်များအား စစ်ဆေးနေတဲ့ ဓာတ်ပုံတွေသာ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရေစကြို ချောင်းဦးလမ်းမကြီးပေါ်မှာ ခရီးသွားယာဥ်တွေကို လိုအပ်ချက်အရ စစ်ဆေးနေပြီး မြို့နယ်တွင်းအခြားလမ်းမများကိုလည်း စစ်ဆေးသွားမည်ဖြစ်သောကြောင့် ခရီးသွားယာဉ်များ အနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်က မေတ္တာရပ်ခံကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။
ရေစကြိုမြို့နယ် ရေစကြို ချောင်းဦးလမ်းမကြီးပေါ်တွင် လိုအပ်ချက်အရ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယာဥ်များအား စစ်ဆေးခဲ့ကြောင်း ဧပြီလ ၂၃ ရက်တွင် အသိပေးထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။
စစ်ရေးလိုအပ်ချက် ၊ လုံခြုံရေးလိုအပ်ချက်များအရ ရေစကြိုမြို့နယ်တွင်း လမ်းများအား ပိတ်သွားမည်ဖြစ်ပြီး Facebook စာမျက်နှာမှတဆင့် ကြိုတင်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်က ယာဉ်များကို စစ်ဆေးနေတဲ့ ဓာတ်ပုံမှတ်တမ်းများနဲ့အတူ သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။
People’s Spring သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “မကွေးတိုင်း၊ပခုက္ကူမြို့နယ် နှင့် ရေစကြိုသွားလမ်းမအနီး၊ ရှင်မတောင်မုခ်ပေါက်၌ PDF အဖွဲ့များသည် ခရီးသည်ယာဉ်များကို ယာဉ်စစ်ဆောင်ရွက်ပြီး ကျား/မ ၅ဦးကို မျက်နှာ အဝတ်စည်း၍ ဖမ်းဆီးသွားသည်” ဟု ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်