မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထု တော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ “စစ်တွေရှိ ရိုဟင်ဂျာစခန်းမှ ဒုက္ခသည်များသေဆုံးမှုများခြင်းသည် စစ်တပ်၏ ကြိုတင်အသိ ပေးမှုကို နားမထောင်ဘဲ မပြောင်းရွေ့ကြခြင်းကြောင့် သေဆုံး” ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို ခင်ညိုချော၊ တပ်ကြပ်ကြီးဖိုးစည်၊ ဟန်ငြိမ်းဦးစတဲ့ တယ်လီဂရမ်အကောင့်ကနေ မေလ(၁၇ )ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ပိုစ့်ပါ အကြောင်းအရာအပြည့်အစုံမှာတော့ “မုန်တိုင်းစတင်ဝင်ရောက် လာချိန်မှာ နစကဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့က ကွပ်ကဲမှုဌာနတွေမှာ မုန်တိုင်းအခြေအနေကို စောင့်ကြည့်ပြီး အချိန်နဲ့တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့ကြတာ ကမ္ဘာအသိဖြစ်ပြီး အတန်တန် အသိပေးနှိုးဆော်နေတဲ့ ကြားထဲက မရွှေ့ပြောင်းသူ၊ မရှောင်တိမ်းသူများသေဆုံးမှုတွေ ရှိခဲ့တာ”ဆိုတဲ့ အရေးအသားတွေနဲ့အတူစစ်ကောင်စီ လော်ဘီတွေက အွန်လိုင်းမှာဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ စစ်တွေနဲ့မောင်တောမြို့က ပင်လယ်ကမ်းစပ်ကျေးရွာတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်သိန်းကျော်ဟာ မိုခါမုန်တိုင်းနဲ့ပက်သက်တဲ့ သတင်းအချက်အလက်ရရှိမှု နဲ့ အချိန်နဲ့တပြေးညီ အသိပေးမှုတွေကို စစ်ကောင်စီဘက်က မလုပ်ပေးခဲ့တဲ့အပြင် အရေးပေါ်ရွှေ့ပြောင်းပေးမှုတွေကို စစ်ကောင်စီဘက်က ပျက်ကွက်နေခြင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ အသက်သေးဆုံးမှု အရေအတွက် များပြားခဲ့တာဟု ဒေသခံရိုဟင်ဂျာများရဲ့ ပြောဆိုချက်တွေနဲ့ လွတ်လပ်ယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်ကို စိစစ်တွေ့ရှိရပါတယ်။

ပင်လယ်ကမ်းစပ်တွေမှာ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ စစ်ကောင်စီရဲ့ ပိတ်ပင်တားမြစ်ချက်ကြောင့် လွတ်လပ်စွာ သွားလာခွင့်မရခဲ့ကြတဲ့အတွက် မုန်တိုင်းရှောင်စခန်းတွေဆီ သွားလာခိုလှုံခွင့်မရဘဲ မုန်တိုင်းအရှိန်ကြီးမားချိန်တွင် အသက်သေဆုံးခဲ့ကြရတာဖြစ်တယ်လို့ ဒေသခံရိုဟင်ဂျာများက မီဒီယာများထံ ဖြေကြားထားချက်အရ စိစစ်တွေ့ရှိရပါတယ်။

ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်နေရာတွေမှာ အသေအပျောက်နည်းပြီး စစ်တပ်ထိန်းချုပ်တဲ့နေရာတွေမှာ အသေအပျောက်များနေတယ်လို့ (NUG)ရဲ့ လူ့အခွင့်အ ရေးဆိုင်ရာဝန်ကြီးဌာန (အကြံပေး) ဦးအောင်ကျော်မိုး က နိရဉ္စရာသတင်းဌာနမှာ ဖြေထားတာကို စိစစ်တွေ့ရှိရပါတယ်။

လက်ရှိ မုန်တိုင်းအပြီး ၅ ရက်ကြာအထိ ရခိုင်ကမုန်တိုင်းဒဏ်သင့်ဒေသတွေကို ဝင်ရောက်ခွင့် စစ်ကောင်စီကပိတ်ပင်ထားဆဲလို့လည်း သိရပါတယ်။

NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန (အကြံပေး) ဦးအောင်ကျော်မိုး ရဲ့ ဖေ့ဘုတ်ကသတင်းထုတ်ပြန်ချက်လင့်

https://fb.watch/kCT1ZZVw1e/

နိရဉ္စရာ သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://bit.ly/3IsWwC2

Myanmar now သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://bit.ly/3IuD5sS

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” စစ်တွေရှိ ရိုဟင်ဂျာ စခန်းမှ ဒုက္ခသည်များသေဆုံးမှုများခြင်းသည် စစ်တပ် ၏ ကြိုတင်အသိပေးမှုကို နားမထောင်ဘဲ မပြောင်းရွေ့ ကြခြင်းကြောင့် သေဆုံး” လို့ ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့် ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.