ကျောက်ဖြူ၊ မေ(၁၃)
အင်အားပြင်း ဆိုင်ကလုန်းမိုခါမုန်တိုင်းဟာ မခန့်မှန်းနိုင်လောက်အောင် အဖျက်စွမ်းအားကြီးနိုင်တာကြေင့် ရခိုင်ကမ်းရိုးတန်းက ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို အမြန်ဆုံးရွှေ့ပြောင်းကြဖို့ မိုးလေ ဝသပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။
အားအလွန်ကောင်းတဲ့ မိုခါမုန်တိုင်းဟာ လာမယ့် မေ ၁၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ကြားကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းဝင်ရောက်စဉ် တစ်နာရီလေတိုက်နှုန်း ၁၁၀ အထိ တိုက်ခတ်နိုင်ပြီး ရေလှိုင်းအမြင့်ပေကလည်း ၁၃ ပေကနေ ၁၆ ပေအထိ ရှိနိုင်တယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားတာပါ။
မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်ကတော့ မိုခါမုန်တိုင်းရဲ့ အဖျက်စွမ်းအားဟာ မခန့်မှန်းနိုင်လောက်အောင် ကြီးနိုင်တာကြောင့် မုန်တိုင်းတိုက်ခတ်မယ့် ဝန်းကျင်ဒေသတွေမှာ နေထိုင်သူတွေကို မေ ၁၃ ရက်နေ့ နောက်ဆုံးထားရွှေ့ပြောင်းကြဖို့ တိုက်တွန်းပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါရဲ့ မုန်တိုင်းမျက်စိပေါ်လာနေပြီဖြစ်ကာ မေ ၁၂ ရက်နေ့ ညနေ (၃)နာရီကနေ (၆)နာရီ အတွင်း Cat4 အဆင့်ရှိ အဖျက်စွမ်းအားပြင်း မုန်တိုင်းအဖြစ်ကို ရောက်ရှိတော့မယ်လို့ မိုးလေဝသပညာရှင် ဒေါ်စုစုစံက သူမရဲ့လူမှုကွန်ရက်ကနေ သတိပေးထားပါတယ်။
ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုစနစ်(GDACS) ကတော့ မြန်မာ၊ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိတို့ကို ဖြတ်သန်းတိုက်ခတ်မယ့် အနီရောင်အဆင့်ရှိ မိုခါမုန်တိုင်းကြောင့် လူဦးရေ ၂ ဒဿမ ၆ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုလာနိုင်တယ်လို့ မေ ၁၂ ရက်နေ့ အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။မိုခါမုန်တိုင်းဟာ မုန်တိုင်းဝန်းကျယ်ပြန့်လာတာနဲ့အမျှ မြန်မာနိုင်ငံ ၊ ဘင်္ဂလားဒေ့ချ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှာ မုန်တိုင်းအန္တရာယ်ရှိနေပြီး မြန်မာမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံး ပျက်စီး ဆုံးရှုံးမှုကြီးမားနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- AA