စစ်အုပ်စုဟာ အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်တာနဲ့ အစုအလိုက် အပြုံအလိုက် သတ်ဖြတ်တာတွေကို ဆက်တိုက်ကျုးလွန်နေတာပါ။ တဖက်မှာလည်း စစ်အုပ်စုဟာ နိုင်ငံတကာမှာ တရားဝင်အသိအမှတ်ခံရဖို့ ကြိုးပမ်းတာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ကုလသမဂ္ဂမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေအပေါ် ဘာတွေတင်ပြတာတွေ ရှိနေလဲ။ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အပေါ် နိုင်ငံတကာရဲ့ အားပေးထောက်ခံမှု၊ အသိအမှတ်ပြုမှု၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ အကောင်အထည် မဖော်နိုင်သေးတဲ့အပေါ် သဘောထားအမြင်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
၁။ အရင်ဆုံး အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အပေါ် နိုင်ငံတကာရဲ့ အားပေးထောက်ခံမှု၊ အသိအမှတ်ပြုမှုက လက်ရှိအခြေအနေမှာ ဘယ်လိုရှိတယ်လို့ ပြောလို့ ရပါသလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။
– အခုအနေအထားပေါ့နော် ကျွန်တော်တို့ပြန်ကြည့်ရင် ဖေဖော်ဝါရီလ ၊ ၁ရက်နေ့၊ ၂၀၂၁ ခုနစ်ကစပြီးတော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ဒီအကြမ်းဖက်စစ်တပ်ရဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ဒီမိုကရေစီပြန်လည်ရရှိဖို့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ဖို့အတွက် တောက်လျှောက်ကြိုးစားတဲ့အခါမှာ ပြည်တွင်းပြည်ပအားနဲ့ ကျွန်တော်တို့ ဝိုင်းပြီးတော့တွန်းနေတဲ့ အခြေအနေရှိပါတယ်။ ဒါကိုကြည့်ရင် ပြည်တွင်းမှာလည်း ပြည်သူတွေအနေနဲ့ ပုံစံမျိုးစုံနဲ့ပေါ့နော် ကျွန်တော်တို့ ရည်မှန်းချက်ရရှိအောင် အောင်မြင်အောင် တောက်လျှောက်ကြိုးပမ်းနေတာတွေရှိတယ်။ ကနေဦးပိုင်းမှာ ကျွန်တော်တို့ ငြိမ်းချမ်းစွာနဲ့ ဒီမြို့တွေ၊ မြို့တွေမှာ ပြည်သူပြည်သား အလွှာပေါင်းစုံကထွက်ပြီးတော့ ဆောင်ရွက်ခဲ့ကြတယ်။ ပြည်သူ့ဝန်ထမ်းတွေ အနေနဲ့လည်း CDM လုပ်ပြီးပါဝင်ခဲ့ကြတယ်။ အဲလိုလုပ်တဲ့အခါမှာ ကျွန်တော်တို့ ၂၀၂၁ခုနှစ် ဧပြီမှာ National Unity Government (NUG) ကိုဖွဲ့စည်းပြီးတော့ နိုင်ငံတကာရဲ့ထောက်ခံမှုကို ရရှိအောင်ပေါ့နော် အထူးသဖြင့် NUG ကို ပြည်သူတွေကနေပြီးတော့ အသိအမှတ်ပြုတဲ့ ပြည်သူ့အစိုးရတစ်ရပ် အနေနဲ့လက်ခံနေသလို နိုင်ငံတကာကလည်း မြန်မာနိုင်ငံရဲ့ ပြည်သူကရွေးချယ်တဲ့ အစိုးရတစ်ရပ်အနေနဲ့ လက်ခံဖို့အတွက်ကို အဓိက ဦးတည်ပြီးတော့ဆောင်ရွက်တယ်။ နောက်ပြီးတော့ ပြည်သူတွေ ဆောင်ရွက်နေတဲ့ ပြည်သူ့တော်လှန်ရေး နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် နိုင်ငံတကာကလည်း ထောက်ခံမှု ပံ့ပိုးမှုရရှိအောင် ကျွန်တော်တို့ အဓိက ဆောင်ရွက်နေတာတွေရှိပါတယ်။ တချိန်တည်းမှာပဲ ဒီအကြမ်းဖက်စစ်တပ်ကလည်း နိုင်ငံတကာမျက်နှာစာမှာ သူတို့တွေက ကျွန်တော်တို့ပြည်သူတွေကို ကိုယ်စားပြုတာမဟုတ်တဲ့အတွက်ကြောင့် ဒီပြည်သူ့ကိုယ်စားပြုမှုမရှိဘူးဆိုတာကိုလည်း တဖက်ကပြရင်း သူတို့တွေအနေနဲ့ ပြည်သူ့ကိုယ်စားပြုမှုမရရှိရေးအတွက်ကိုလည်း ကျွန်တော်တို့ တတ်နိုင်သမျှ ပြည်သူ့အင်အားနဲ့ ဆောင်ရွက်နေတာ ရှိတယ်။ ဒါကြောင့် ဒီလိုရည်မှန်းချက်တွေနဲ့ ဆောင်ရွက်နေတဲ့အခါမှာ အခုအနေထားကို ကျွန်တော်ကိုပြန်ကြည့်မယ်ဆိုရင် အထူးသဖြင့် ကုလသမဂ္ဂမျက်နှာစာ နယူးယောက်မျက်နှာစာရဲ့အနေအထားနဲ့ ယှဉ်ထိုးပြောရရင် UNရဲ့လက်အောက်မှာ ကျင်းပနေတဲ့ အထူးသဖြင့် နယူးယောက်မျက်နှာစာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအစည်းအဝေးတွေမှာ စစ်တပ်ကကိုယ်စားလှယ်တွေ မတက်ရောက်နိုင်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်တဲ့အခါမှာ အခုထိတော့ စစ်တပ်ကိုယ်စားလှယ်တွေအနေနဲ့ တက်ရောက်နိုင်ခြင်း မရှိဘူး။ဒီအနေထားမှာ ကျွန်တော့်အနေနဲ့ ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိအောင် နယူးယောက်ရဲ့ မျက်နှာစာ ပလက်ဖောင်းကို အသုံးပြုပြီးတော့ ကျွန်တော်ဆက်လက် ဆောင်ရွက်နေတာရှိတယ်။ အစည်းအဝေးတွေမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဆက်လက်ရပ်တည်ပြီးတော့ ပြည်သူတွေရဲ့အသံ ပြည်သူတွေရဲ့ဆန္ဒကို နိုင်ငံတကာက သိရှိအောင် ကျွန်တော်မိန့်ခွန်းတွေမှာ ထည့်သွင်းပြောကြား၍သော်လည်းကောင်း Weekly Information Update တွေထုတ်၍သော်လည်းကောင်း ကျွန်တော်တို့ သံခင်း တမန်းခင်းအပိုင်းအနေနဲ့ ကိုယ့်ရဲ့Counter Part တွေကို တွေ့ဆုံပြီးတော့သော်လည်းကောင်း ကိုယ့်ရဲ့ မြန်မာနိုင်ငံအခြေနေ မြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေ မြန်မာပြည်သူတွေ လိုလားတဲ့ အချက်အလက်တွေ နိုင်ငံတကာအသိုင်းအဝိုင်းက တတ်နိုင်သမျှ ကူညီပေးနိုင်ဖို့ တောင်းဆိုမှုတွေ တောက်လျောက်တော့လုပ်နေပါတယ်။ အတတ်နိုင်ဆုံးတော့ ကုလသမဂ္ဂမျက်နှာစာမှာတော့ စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုအပေါ် အဖွဲ့ဝင်နိုင်ငံတွေက အခုထိတော့ နားလည်တယ် သဘောပေါက်တယ် ဒီအတိုင်းဆက်လက်ဆောင်ရွက်နေတယ်။ ဒါကြောင့်လည်း အခုထိ ဒီလိုမျက်နှာစာမှာ အရင်တိုင်းပဲ Status ကို Maintain လုပ်ထားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆက်သွားနေတယ်။ ဒါကလည်း ကျွန်တော်တို့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ Credentials Committee မှာနှစ်စဉ်ဆုံးဖြတ်ပြီး အဲဒီဆုံးဖြတ်ချက်နဲ့အညီ ယခု ကျွန်တော်ရဲ့လက်ရှိအနေအထား ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်အနေရဲ့ အနေထားကို ဆက်လက်ပြီးတော့ Maintain လုပ်နိုင်နေတဲ့ အနေထားမှာရှိနေတယ်ပေါ့နော်။
၂။ နိုင်ငံတကာ အသိအမှတ်ပြုခံရဖို့ လက်ရှိမှာရော ဘယ်လို စိန်ခေါ်မှုနဲ့ အခက်အခဲတွေ ရှိနေပါသလဲ။ NUG အပေါ် နိုင်ငံတကာရဲ့သဘောထားကရော ဘယ်လိုရှိပါသလဲ။
– စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ဒီလို စိန်ခေါ်မှုတွေရှိတယ်ဆိုတဲ့နေရာမှာ စစ်တပ်အနေနဲ့ သူတို့ဒီအတိုင်း ငြိမ်နေတာတော့ မဟုတ်ပါဘူး။ သူတို့ မျိုးစုံကနေ ဒီဘက်တွေမှာ ကျွန်တော်ပြည်သူတွေကို ကိုယ်စားပြုမှုနဲ့ပက်သက်ပြီး အမြဲတမ်းအခက်အခဲရှိအောင် ပုံစံမျိုးစုံနဲ့ သူတို့ကြိုးစားနေတာတော့ တွေ့ရှိရတယ်။ ကုလသမဂ္ဂလို့ပြောရင် နယူးယောက်မျက်နှာစာတစ်ခုတည်း မဟုတ်ပါဘူး တခြားမျက်နှာစာတွေလည်း ရှိပါသေးတယ်။ ဂျနီဗာ ၊ ဗီယာနာ၊ နယ်သာလန် (သည်ဟိတ်) အဲလိုမျိုးတွေလည်းရှိပါတယ်။ အဲလိုမျိုးနေရာတွေမှာှ ကျွန်တော်တို့အနေနဲ့တော်တော်လေးကို စိန်ခေါ်မှုကြီးစွာနဲ့ စစ်တပ်က ကိုယ်စားမပြုနိုင်ဖို့ ပြည်သူတွေအသံကို နိုင်ငံတကာကကြားနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတာ ရှိတယ်။ အဲလိုဆောင်ရွက်နေတဲ့အခါမှာတော့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဆရာဦီးအောင်မျိုးမင်းတို့လို အတွေ့ကြုံလည်းရှိတဲ့ ဒီနယ်ပယ်ကို ကောင်းကောင်းနားလည်တဲ့သူတွေရဲ့ ပံ့ပိုးဆောင်ရွက်မှုတွေ ဝိုင်းဝန်းဆောင်ရွက်မှုတွေကနေပြီးတော့ ဂျနီဗာဆိုရင် ဘာပြောပြော အတိုင်းတာတခုထိတော့ ကျွန်တော်တို့ NUG အနေနဲ့ လက်လှမ်းမှီသလောက် ဆောင်ရွက်နိုင်တာရှိတယ်။ ခုနက စိန်ခေါ်မှုလို့ပြောရင် NUGကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ဆိုတာကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်နေတယ်။ အခုထိတော့ ဘယ်နိုင်ငံကမှတော့ အသိမှတ်ပြုတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘူး။ ဒါပေမဲ့ NUG အပေါ် အဲဒီနိုင်ငံတွေရဲ့ ထိတွေ့ဆောင်ရွက်မှုတွေ အဲဒီနိုင်ငံတွေရဲ့ Protocol ရှု့ထောင့်ကနေကြည့်ရင် အကူအညီပေးနေတာတွေကတော့ ဘာပြောပြော NUG ကို အစိုးရတစ်ရပ်အနေနဲ့ သဘောထားပြီး ဆောင်ရွက်နေတဲ့ အနေအထားရှိနေတယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာတော့ စိန်ခေါ်မှုတွေတော့ ရှိနေတယ်။ စိန်ခေါ်မှုတွေကို အပြည့်အဝယုံကြည်တယ်။ ပြည်သူ့အင်အားနဲ့အတူ နိုင်ငံတကာ ထောက်ခံမှုတွေ ပိုမိုရရှိအောင် ပြည်သူ့ရဲ့စည်းလုံးညီညွတ်မှုနဲ့ ပြည်တွင်းပြည်ပအားနဲ့ထောက်ခံမှုတွေ ရရှိအောင် ဆက်လက်ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။
၃။ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ ဘာတွေ တင်ပြတာတွေ ရှိနေလဲ။
– ကျွန်တော်ခုနက အရှေ့မှာပြောထားသလို မြေပြင်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကျွန်တော်တို့ တတ်နိုင်သမျှ အချိန်နဲ့တပြေးညီ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တတ်နိုင်သမျှ အသိပေးဆောင်ရွက်နေတာတွေရှိတယ်။ ဥပမာပြောရရင် ဧပြီ၁၁ရက်က ကန့်ဘလူမှာရှိတဲ့ ပဇီးကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းနဲ့ တကယ့်ကိုမတရား မဆင်မခြင် ဆိုးရွားစွာ လေကြောင်းတိုက်ခိုက် ပစ်ခတ်မှုတွေကြောင့် အပြစ်မဲ့ပြည်သူများစွာ (၁၆၀) ကျော်သေဆုံးခဲ့ရတာ ရှိတယ်။ကလေးသူငယ်တွေပါတယ်။ ဒီဖြစ်စဉ်ကို NUGကလည်း ထုတ်ပြန်တယ်။ NUGရဲ့ထုတ်ပြန်ချက်တွေကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ သိရှိအောင် ချက်ချင်းအကြောင်းကြားတာတွေရှိတယ်။ တချို့စာတွေမှာကျတော့ ကျွန်တော်တို့အပေါ် ထောက်ခံတဲ့နိုင်ငံတွေနဲ့ တွေ့ဆုံပြီး ဘယ်လိုများ ဆောင်ရွက်ပေးနိုင်မလဲဆိုတာ ချဉ်းကပ်တာမျိုးတွေ ရှိတယ်။ အဲတာနဲ့ ပတ်သတ်လို့ ကျွန်တော်တို့ လုံခြုံရေးကောင်စီမှာ Plus Statement တွေထုတ်နိုင်ဖို့အတွက် UK ကဦီးဆောင်ပြီးတော့ တခြားနိုင်ငံတွေနဲ့အတူ ထုတ်နိုင်ဖို့အတွက် လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ သိရှိတဲ့အတိုင်း အချို့အဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံက သဘောမတူတဲ့အတွက်ကြောင့် ဒါကိုထုတ်ပြန်နိုင်ခြင်း မရှိခဲ့ဘူး။ ဒါနဲ့ပတ်သတ်လို့ UK အနေနဲ့ သတင်းသမားတွေကို ထုတ်ဖော်ပြောကြားတာတွေ ရှိတယ်။ ဒီလိုမျိုးပုံစံတွေနဲ့ မြေပြင်မှာ ဖြစ်ပေါ်နေတာတွေကို ကုသသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကို စာရေးပြီးအကြောင်းကြားတာ ရှိတယ်။ Weekly Information ထုတ်ပြန်ပြီးတော့ အကြောင်းကြားတာတွေရှိတယ်။ မိန့်ခွန်းတွေမှာ ထည့်သွင်းပြီးပြောကြားပြီး အကြောင်းကြားတာတွေ ရှိတယ်။ ဒါကတော့ မြေပြင်အခြေအနေကိုတော့ တတ်နိုင်သမျှတော့ စိန်ခေါ်မှုတွေ ကြားကနေ တတ်နိုင်သမျှ အချိန်နဲ့တပြေးညီ အသိပေးနိုင်အောင် ဆောင်ရွက်နေတာ ရှိတယ်လို့ ကျွန်တော် တင်ပြလိုပါတယ်။
၄။ မြန်မာအရေးနဲ့ ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် ချမှတ်ထားတာ ရှိတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ လက်ရှိအချိန် အကောင်အထည် မဖော်နိုင်သေးပါဘူး။ ဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲ။
-စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်းက စပြီး ကုလသမဂ္ဂအနေနဲ့ ထိရောက်တဲ့အရေးယူမှုတွေ လုပ်ပေးဖို့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ တောက်လျှောက် တောင်းဆိုခဲ့တယ်။ တောင်းဆိုတဲ့အသံတွေကိုလည်း ဒီဘက်မှာ ကျွန်တော်တို့ ပြည်သူတွေကိုယ်စား တောင်းဆိုမှုတွေကို ဆက်လက်ပြီး ဆောင်ရွက်နေပါတယ်။ ပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ Responsibility to protect principal ကိုအသုံးပြုပြီး ကုလသမဂ္ဂအနေနဲ့ ဝင်ရောက်ဆောင်ရွက်ပေးဖို့အထိပါ တောင်းဆိုခဲ့တာတွေရှိတယ်။ နောက်ပြီးတော့ မိန့်ခွန်းတွေထဲမှာလည်း စစ်တပ်တွေအနေနဲ့ လေယာဉ်တွေ အသုံးပြုပြီး ပြည်သူတွေကို သတ်ဖြတ်နေတာဖြစ်တဲ့အတွက် No Fly Zone တွေကို Declaration လုပ်ပေးဖို့ဆိုတာတွေကို တောင်းဆိုခဲ့တာတွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိရောက်တဲ့ Action ယူပေးဖို့တောင်းဆိုခဲ့သော်လည်း ဒီတစ်နှစ်ခွဲကျော် နှစ်နှစ်နီးပါးထိက ဘာမှဖြစ်မလာခဲ့ဘူးပေါ့နော်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ ၂၀၂၂ခုနှစ် ဒီဇင်ဘာမှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် အဆိုတစ်ခုကို မဲခွဲပြီးတော့ အတည်ပြုခဲ့တယ်။ ဒီဆုံးဖြတ်ချက်အဆိုက ကျွန်တော်တို့ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံး မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အဆိုဖြစ်တယ်။ ဒီဆုံးဖြတ်ချက်အဆိုမှာ ပါဝင်တဲ့အချက်တွေကို ပြန်ကြည့်မယ်ဆိုရင် ဒီအချက်လက်တွေက တော်တော်လေးအားပျော့တယ်လို့ ပြည်သူတွေမြင်သလို ကျွန်တော်တို့အနေနဲ့လည်း မြင်ပါတယ်။ နောက်ပြီးတော့ နိုင်ငံအများအပြားကလည်း မြင်ပါတယ်ခင်ဗျ။ အဲဒီထဲမှာဆိုရင် မူကြမ်းကို စပြီးရေးဆွဲနေတဲ့အချိန်မှာ မူကြမ်းထဲမှာပါဝင်တဲ့ တချို့အချက်အလက်တွေ ပြုတ်ထွက်သွားတာရှိတယ်။ ဘယ်လိုမျိုးတွေပြုတ်ထွက်သွားလဲဆို Accountability ကိစ္စနဲ့ပတ်သတ်တဲ့ ကိစ္စတို့ နောက်ပြီးတော့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်တဲ့အခါမှာ စစ်တပ်ကလုပ်တယ်ဆိုတဲ့အရာကို မီးမောင်းထိုးပြတဲ့ အချက်အလက်တို့ နောက်ပြီးတော့ တကယ်လို့များ ဒီဆုံးဖြတ်ချက်မှာပါတဲ့ အချက်လက်တွေကို မလိုက်နာဘူးဆိုရင် နောက်တဆင့် ဘာလုပ်မလဲဆိုတဲ့ အရာပေါ့။ ကျွန်တော်တို့ ဒီဘက်မှာတော့ ကုလသမဂ္ဂရဲ့ ပဋိဉာဏ်စာတမ်းရဲ့ Articles Chapter 7 အောက်ကနေအသုံးပြုဖို့ဆိုတဲ့ အချက်လက်တွေပေါ့နော်။ မူကြမ်းမှာပါသော်ငြားလည်း အတည်ပြုတဲ့အခါမှာ ပြုတ်ထွက်သွားတာတွေရှိတယ်။ ဒါကြောင့်မို့ အများသုံးသပ်တဲ့အတိုင်း လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်က Unforces ပေါ့နော် ဘာမလုပ်ရင် ဘာလုပ်မယ်ဆိုတဲ့ အချက်အလက်တွေ မပါလာတဲ့အတွက်ကြောင့် အားတော်တော်ပျော့တယ်ဆိုတဲ့ အချက်တွေရှိတယ်။ တဖက်ကပြန်ကြည့်ရင်လည်း မြန်မာနိုင်ငံနဲ့ ပတ်သတ်လို့ ပထမဆုံးချမှတ်တဲ့ အဆိုဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ National Unity Government အနေနဲ့လည်း ကြိုဆိုတယ်ပေါ့နော်။ ဒါပေမဲ့လည်း ဒီအရာကို အခြေပြုပြီး ဒီထက်ခိုင်မာတဲ့ ဒီထက်ထိရောက်တဲ့ ပြည်သူတွေရဲ့ အသက်ကိုကယ်တင်နိုင်မဲ့ ဒီလို ( Atrocity Prevent) ရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးနိုင်မဲ့ ဆုံးဖြတ်ချက်မျိုး ပြီးတော့ ဒီလိုကျူးလွန်သူတွေကို လစ်လျူရှု့နေတာမဟုတ်ပဲ ထိရောက်စွာအပြစ်ပေးနိုင်မဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့အတွက် ဆက်လက်တောင်းဆိုတာတွေ ဆောင်ရွက်နေတာရှိတယ်။ အဲလိုမျိုး တောင်းဆိုတဲ့အခါမှာလည်း စိန်ခေါ်မှုတွေအများကြီးရှိတယ်။ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တစ်ခုချဖို့ဆိုရင် လုံခြုံရေးကောင်စီမှာပါတဲ့ အမြဲတမ်းအဖွဲ့ဝင် ၅နိုင်ငံက ဘယ်နိုင်ငံကမှ No Vote မပေးဖို့ဆိုတဲ့ အချက်က အဓိကဖြစ်တယ်ပေါ့။ ဒါကြောင့် ဒီလိုမျိုးမပေးဖို့ဆိုတဲ့အချက်မှာလဲ လက်ရှိနိုင်ငံရေးအနေအထားအရ စစ်တပ်နဲ့ပူပေါင်းဆောင်ရွက်နေတဲ့ စစ်တပ်နဲ့ဆက်ဆံရေးရှိတဲ့ နိုင်ငံတွေရဲ့အနေထားပေါ်မူတည်ပြီးတော့ အခုလက်တွေ့မှာတော့ နောက်ထပ်ဆုံးဖြတ်ချက်အဆိုကို ချမှတ်နိုင်ဖို့ဆိုတာ တော်တော်ပြင်းထန်တဲ့ စိန်ခေါ်မှုတွေကြုံရနိုင်တယ်လို့ အများက သုံးသပ်ပါတယ်။ ကျွန်တော်အနေနဲ့လည်း ဒါကိုသဘောတူပါတယ်။
၅။ မြန်မာအရေးနဲ့ ပတ်သက်ပြီး ကုလလူ့အခွင့်အရေး ကောင်စီနဲ့ ကုလတတိယကော်မတီမှာလည်း ဆွေးနွေးအတည်ပြုတာတွေ ရှိနေတယ်ဆိုတော့ အဲဒီအခြေအနေတွေကရော ဘယ်လိုတွေ ဖြစ်လာနိုင်မလဲ။
-ကုလသမဂ္ဂထွေထွေညီလာခံရဲ့ တတိယကော်မတီမှာလည်း မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ ဆုံးဖြတ်ချက်အဆိုရှိပါတယ်။ ဒါကလည်း လွန်ခဲ့တဲ့ ၁၉၉၀ -၁၉၉၁ ခုနှစ်လောက်တည်းက ချမှတ်လာတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်ပေါ့နော်။ ဒါကြောင့် ဒီဆုံးဖြတ်ချက်က ဆက်သွားနေတယ် တစ်နှစ်မှာပဲ နည်းနည်း Gap ဖြစ်သွားတာပေါ့နော်။ ၂၀၁၆ မှာတော့ ကျွန်တော်တို့ ဒီဆုံးဖြတ်ချက်ကို မတင်ဖြစ်ခဲ့တာရှိတယ်။ ကျန်တဲ့နှစ်တွေကတော့ နှစ်စဉ်တင်ပြီး အတည်ပြုတဲ့ဟာတွေလည်းရှိတယ်။ ၂၀၁၇ နောက်ပိုင်းမှာတော့ ဒီဆုံးဖြတ်ချက်က ရိုဟင်ဂျာကို ပိုပြီး Focus လုပ်တဲ့ ဆုံးဖြတ်ချက်တော့ ဖြစ်ခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ ဒီနှစ်မှာတော့ မြေပြင်မှာဖြစ်ပျက်နေတာတွေကို တတ်နိုင်သမျှ ထည့်သွင်းဖော်ပြတာတွေရှိပါတယ်။ ဒါပေမဲ့ ခေါင်းစဉ်ကတော့ အခုထိ Situation of human rights of Rohingya and other ethnic minorities ဆိုတဲ့ ခေါင်းစဉ်ကိုတော့ ဆက်လက်သုံးစွဲနေတာ ရှိပါတယ်။ လူ့အခွင့်ရေးကောင်စီမှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့ ဆုံးဖြတ်ချက်အဆိုချတာတွေရှိတယ်။ လူ့အခွင့်အရေးကောင်စီရဲ့ မတ်လ Section မှာလည်း ဆုံးဖြတ်ချက် အဆိုချခဲ့တာရှိတယ်။ အဲဒီဆုံးဖြတ်ချက်အဆိုဟာဆိုရင် တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့်လေး ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ခဲ့တာရှိတယ်။ ကျွန်တော်အရှေ့မှာ ပြောခဲ့သလို ဆရာဦီးအောင်မျိုးမင်းတို့ရဲ့ ကြိုးစားဆောင်ရွက်မှုတွေကြောင့် ဒီဆုံးဖြတ်ချက်အဆိုမှာ ကျွန်တော်တို့တောင်းဆိုတဲ့ တချို့အချက်လက်လေးတွေကို ထည့်သွင်းဖော်ပြခဲ့တာလေးတွေ တွေ့ရတယ်။ ဒါကြောင့် ဒီလိုမျိုးဆုံးဖြတ်ချက်တွေကတော့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့တော့ မတူဘူး။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က Legally Binding ဖြစ်တယ်။ အခြား ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ လူ့အခွင့်ရေးကောင်စီတို့ရဲ့ ဆုံးဖြတ်ချက်ကတော့ Legally Binding မဖြစ်သော်လည်း ကျွန်တော်တို့မှာ (Moral obligation) ကျင့်ဝတ်တွေရှိတဲ့အတွက်ကြောင့် လိုက်ပါဆောင်ရွက်ရမဲ့ တာဝန်ရှိပါတယ်။ ဒါကြောင့် ဒီလိုမျိုးတွေတော့ ကျွန်တော်တို့ဆက်လက် ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒါတွေကို အသုံးပြုပြီးတော့ နိုင်ငံတကာရဲ့ Democratic Forces တွေဘက်မှာ ထောက်ခံမှုရရှိဖို့အတွက် ဒါတွေက ကျွန်တော်တို့ ကိုးကားနိုင်တဲ့အချက်လက်တွေ ဖြစ်တယ်ဆိုတဲ့ အချက်ကို ကျွန်တော် အလျင်းသင့်သလို တင်ပြလိုပါတယ်။