မော်လမြိုင် – မေ(၃)

မဇ္ဈိမသတင်းဌာနရဲ့ အလွတ်တမ်းသတင်းထောက်တစ်ဦးဖြစ်သူ မငြိမ်းငြိမ်းအေး(ခ) မေဘယ် ဟာ စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ သာယာဝတီအကျဉ်းထောင်ကနေ ဒီနေ့ ပြန်လွတ်လာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ရန်ကုန်မြို့မှာ သတင်းယူနေချိန် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီး ခံရပြီးနောက် ပုဒ်မ ၅၀၅-က နဲ့ အင်းစိန်ထောင်တွင်းတရားရုံးက မမေဘယ်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ထားတာပါ။

“မမေဘယ်ပြန်လွတ်မြောက်လာတာဟုတ်ပါတယ်။ ကျန်းမာရေးက သိပ်မကောင်းဘူးလို့လည်း သိရတယ်။ တခြားတော့ ထွေထွေထူးထူး မရှိပါဘူး” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက မမေဘယ်ကို အင်းစိန်ထောင်တွင်းတရားရုံးမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်က အမိန့်ချပြီး နောက် သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက် (၁၅၀) ကျော်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက (၄) ဦးဟာ သတ်ဖြတ်ခံထားရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ကဆုန်လပြည့်အထိမ်းအမှတ် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ (၂၁၅၃) ဦး ပြန်လွှတ်ပေးလိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Google

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.