ရန်ကုန် – မေ(၃)

ရန်ကုန်တိုင်းစစ်ကောင်စီ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးဟာ အင်းစိန်ဗဟိုအကျဉ်းထောင်ထဲကနေ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေချိန် သေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေ ကသံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ မေလ(၃) ရက်နေ့မှာ သေဆုံးသွားတာဖြစ်ပြီး ဘယ်လို အခြေအနေကြောင့် သေဆုံးသွားတယ် ဆိုတာတော့ မသိရသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးအောင်သန်းဦးဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာ စီးပွားရေးရာ ဝန်ကြီးအဖြစ် စစ်ခေါင်းဆောင်ခန့်အပ်ခဲ့ပြီးနောက် မြေကွက်ချထားပေးမှုတွေနဲ့ပတ်သက်ပြီး အဂတိ လိုက်စားမှုတွေရှိတယ်ဆိုတဲ့စွဲချက်နဲ့ ၂၀၂၂ ခုနှစ် ဇွန်လမှာ ဖမ်းဆီးခံခဲ့ရတာပါ။

တရားစွဲခံခဲ့ရတဲ့ အဂတိလိုက်စားမှုတွေနဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခံခဲ့ ရတာဖြစ်ပါတယ်။

ဒါ့အပြင် သူနဲ့အတူ တရားစွဲခံခဲ့ရတဲ့ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုးဟာ အဂတိ လိုက်စားမှုနဲ့ ထောင်ဒဏ်(၁၅)နှစ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဟောင်း ဦးစိုးစိုးဇော်လည်း အဂတိ လိုက်စားမှုနဲ့ ထောင်ဒဏ်(၆) နှစ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဦးအောင်သန်းဦးဟာ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်သလို ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲ (၃) ကြိမ်မှာ သန်လျင်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ NLD ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးအဖြစ် တာဝန်မယူခင်က ဦးအောင်သန်းဦးဟာ မြန်မာ နိုင်ငံဆန်စပါး အသင်းချုပ်မှာ ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန် ယူထားသူဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Google

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.