နေပြည်တော် – မေ(၃)

အာဏာသိမ်းစစ်ကောင်စီက ကဆုန်လပြည့်အထိမ်းအမှတ် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ (၂၁၅၃) ဦး ပြန်လွှတ်ပေးလိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အကျဉ်းထောင်၊အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာရှိတဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားနဲ့ အကျဉ်းသူတွေကို လွှတ်ငြိမ်းခွင့်ပေးလိုက်တာပါ။

စစ်ကောင်စီရဲ့ နိုင်ငံရေးအကျဉ်းသား တွေကို လွတ်ပေးတာဟာ ကဆုန်လပြည့် အထိမ်းအမှတ် အပြင် ပြည်သူတွေ နှလုံးစိတ်ဝမ်း အေးချမ်းစေဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေး ထားနဲ့အနေနဲ့ လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

အခုလွှတ်ပေးလိုက်တဲ့ သူတွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ် ၄၀၁၊ပုဒ်မခွဲ-၁ အရ နောက် တစ်ကြိမ် ပြစ်မှုကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် လက်ရှိကျခံဖို့ ရှိတဲ့ ပြစ်ဒဏ် တွေကိုပါ ဆက်လက် ကျခံရမယ်ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်တွေနဲ့ ပြတ်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၁၇) ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနှစ်ဆန်း တစ်ရက်နေ့က လည်း တစ်နိုင်ငံလုံး မှာရှိတဲ့ အကျဉ်းသားတွေထဲက (၃၀၁၅) ဦးနဲ့ နိုင်ငံခြားသား (၉၈) ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ် နိုင်ငံရေး အကျဉ်းသား ပါဝင်မှာမရှိတဲ့အတွက် ဝေဖန်မှုတွေ ရှိနေပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှား သံတမန် အဖွဲ့တွေ ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် ပြည်သူတွေကြား စစ်ကောင်စီကို မေးခွန်း ထုတ်တာတွေလည်းရှိနေပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၃ ခုနှစ် မေလ(၂) ရက်နေ့အထိ ဖမ်းဆီးခံထားရသူ (၂၁၈၀၇) ဦးရှိပြီး အဲဒီထဲက (၁၇၈၉၇) ဦးကို စစ်ကောင်စီက ထိန်းသိမ်းထား တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဆီသို့(အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေးစဉ်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.