ရန်ကုန်၊ဧပြီ (၃၀)

ရန်ကုန်မြို့နဲ့ မြို့နယ်တစ်ချို့မှာ စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးပြီး ဘတ္ထရီစက်ဘီးတွေကို အိမ်ထဲအထိဝင်ရောက်သိမ်းဆည်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီလ (၂၂) ရက်နေ့ နေ့ လယ်ပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ အောင်ရတနာဆေးရုံအနီးမှာ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ချုပ်၊ ဒုဗိုလ်မှူး ကြီး(ငြိမ်း)စိုင်းကျော်သူကို ဘတ္တရီစက်ဘီးနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့ CCTV မှတ်တမ်းတစ်ခု ကလူမှုကွန်ရက်မှာ ပေါ်ထွက်လာပြီးနောက်ပိုင်း ရန်ကုန်မြို့တွင်းမှာ ဘတ္ထရီစက်ဘီးစီးနဲ့သွားလာသူတွေကို စစ်ဆေးဖမ်းဆီမှုတွေကို စတင်လုပ်ဆောင်လာခဲ့တာပါ။

ဒါ့အပြင် နေအိမ်တွေထဲမှာရှိနေတဲ့ ဘတ္တရီစက်ဘီးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၀င်ရောက်သိမ်းဆည်း ယူ ဆောင်သွားတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

“ဘတ်ထရီဘီးတွေ စစ်ကောင်စီက လာသိမ်းတယ်ဆိုတာက တခြားရပ်ကွက်တွေဘက်မှာတော့ လာသိမ်းတယ်ဗျ။ကျွန်တော်တို့ (၉)ရပ်ကွက်ထဲမှာတော့ ခုထိ လာသိမ်းတာတော့မရှိသေးဘူး။ဆိုင်ကယ်တွေကို ကားတွေနဲ့ ဝင်ဖမ်းတာတော့ရှိတယ် ” လို့ သာကေတမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ယူဆောင်သွားတဲ့ ဘတ်ထရီစက်ဘီးတွေဟာ အနည်းဆုံးကာလတန်ဖိုး ငွေကျပ်သုံးသိန်းခန့်ရှိနေပြီး အဲဒီစက်ဘီးတွေကို သက်ဆိုင်ရာ ရဲစခန်းတွေမှာ အနည်းဆုံးငွေကျပ်တစ်သိန်းနဲ့ ပြန်ရွေးယူခိုင်းတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ ယခင်ကဆိုင်ကယ်စီးခွင့်ပြုထားတဲ့ ရန်ကုန်တစ်ဖက်ကမ်းရှိ ဒလ၊ တွံတေး၊ ကော့မှူးနဲ့ ကွမ်းခြံကုန်းမြို့နယ်တွေမှာ ဆိုင်ကယ်မစီးဖို့ တားမြစ်ချက်ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ- Social media( ပုံဟောင်းဖြစ်ပါသည်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.