မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ပဇီကြီးကို KIAက တိုက်ခိုက်”ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို အသန်း(ICG) တယ်လီဂရမ်အကောင့်ကနေ ဧပြီလ(၁၈)ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။
စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာ အပြည့်အစုံမှာတော့ ပဇီကြီးမှာလုပ်တဲ့ အစည်းအဝေးပွဲကို စီစဉ်တာက KIA ဖြစ်ပြီး တက်ရောက်ဖို့ ဖိတ်စာပို့ခဲ့တဲ့ KIA ကိုယ်တိုင်တိုက်ခိုက်ခဲ့သလို အရေးအသားတွေနဲ့ အတူစစ်ကောင်စီလော်ဘီတွေ အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။
တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်အမှန်ကတော့ ဧပြီ ၁၁ ရက်ကပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
စစ်ကောင်စီက လေကြောင်းနဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၁၆၈ ဦးအထိသေဆုံးတယ်လို့သေဆုံးသူစာရင်းကို NUG ကထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။
ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းမှာလည်း တိုက်လေယာဉ်နဲ့ဗုံးနှစ်ကြိမ်ကြဲ ပြီးစက်သေနတ်တွေနဲ့လည်း ထပ်ပစ်သွားတယ်လို့ ဧရာဝတီသတင်းဌာနက သတင်းရေးသားဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ရွာသူရွာသားတစ်ရာကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့အတွက် စစ်ကောင်စီကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုကော်မတီက ဧပြီ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။
ပြည်သူကို ကာကွယ်ရမယ့်အစား ရန်သူသဖွယ် အရပ်ဘက် စစ်ဘက်မခွဲခြားဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ရပ်ရွာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက်စစ်ကောင်စီကို ပြင်းထန်စွာရှုတ်ချတယ်လို့KIOက ထုတ်ပြန်ထားပါတယ်။
BBCသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်
KIOထုတ်ပြန်ချက် လင့်
ဧရာဝတီ သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ပဇီကြီးကို KIAက တိုက်ခိုက်” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်